နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်

မကွေးတိုင်းတွင် စစ်ကောင်စီ လက်အောက်ခံများက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုအပါအဝင် ယခုလအတွင်း လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတို့ကို ကျူးလွန်နေသော်လည်း စစ်ခေါင်းဆောင်ကမူ အငြိုးအတေး မရှိစေရေး ထိခိုက်မှုနည်းအောင် ဆောင်ရွက်နေဟု ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အာဃာတ တရားများ၊ အငြိုးအတေးများ မရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင် ရွက်လျက်ရှိသည် ဟု မေ ၂၄ ရက်နေ့က မကွေးမြို့တော်ခန်းမတွင် စစ်ကောင်စီ လက်အောက်ခံ ဋ္ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေး စနစ်ကိုလည်း စနစ်တကျ ဆောင်ရွက်ရန်လိုပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိန်းကြောင်း၍ အသိတရား၊ သတိတရားများဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မှသာလျှင် ဒေသအလိုက် တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

ထို့အတူ စစ်ခေါင်းဆောင်သည် မေ ၂၅ ရက်တွင်လည်း ပုဂံရှေးဟောင်း နယ် မြေအတွင်း ရေကြီးရေလျှံမှု မဖြစ်စေရေးနှင့် ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်နေမှုတို့ကို သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့သည့် နေ့တွင်ပင် ၎င်းအား လုံခြုံရေးယူပေးနေသည့် ပခုက္ကူမြို့အခြေစိုက် တပ်မ-၁၀၁ တပ်က ပုဂံမြို့ဟောင်း တစ်ဖက်ကမ်းရှိ ပခုက္ကူမြို့၊ ချမ်းသာကြီးရွာကို ဝင်ရောက်စီးနင်း၍ PDF ရဲဘော် ငါး ဦးအား သတ်ဖြတ်သွားကြောင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွင် ဖော်ပြထားသည်။

အလားတူ မေ ၂၄ ရက်နေ့ကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကုန်းခြားရွာကို စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁) တပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် ဝင်ရောက်၍ နေအိမ် ၈၀လုံးကို မီးရှို့သွားသလို ကာကွယ်ရေးအဖွဲ့များ၏ မိုင်းပွိုင့်များကိုလည်း ဒရုန်း၊ လက်နက် ကြီးများဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့များသည် အာဏာသိမ်း ၃နှစ်ကျော်အတွင်း ပြည်သူနေအိမ်ပေါင်း ၈၈,၃၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ပြီးခဲ့သည့် ဧပြီလအတွင်း၌လည်း နေအိမ်ပေါင်း ၃,၉၆၀ လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုသို့ မီးရှို့ဖျက်ဆီးရာတွင် မကွေးတိုင်းအတွင်ဒရှိ နေအိမ် ၂၂၉ လုံးနှင့် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မန္တလေး၊ စစ်ကိုင်းတို့ ပါဝင်နေကြောင်း Data for Myanmar ၏ ၂၀၂၄ ဧပြီလကုန်အထိ စုစည်းထားသော အချက်အလက်များအရ သိရသည်။

ယင်းအပြင် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များသည် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာတွင် PDF ရဲဘော်နှစ်ဦးကို ပြီးခဲ့သော ဖေဖော်ဝါရီလ အတွင်းက ဖမ်းဆီးနှိပ်စက် သံကြိုးတုပ်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သလို ယခုလအတွင်း၌လည်း လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သော မေ ၁၄ ရက်နေ့ကလည်း ဆောမြို့နယ်၊ တောမရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၁၀ လသား ကလေးငယ် တစ်ဦးအပါအဝင် လူအများအပြား သေဆုံးပြီး ခုနစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် မေ ၉ ရက်တွင်လည်း မကွေးတိုင်း ၊ ကျောက်ထုမြို့၊ အကြည်ပန်းပလွန်း ကျေးရွာရှိ ဘုန်း‌ကြီးကျောင်းတစ်ကျောင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အကြည်ပန်းပလွန်းကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ယာဉ်မောင်း များ စုဝေးကာ အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက မီးလောင်ဗုံးဟု ယူဆရသည့် ဗုံးဖြင့် လေကြောင်းတိုက် ခိုက်ခဲ့သောကြောင့် သံဃာတော်များအပါအဝင် ဒေသခံ ၂၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၄၀ ဦးဝန်းကျင်ရှိကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ

#မကွေးတိုင်း #မီးရှို့ဖျက်ဆီး #သတ်ဖြတ်မှုများ #အငြိုးအတေးမရှိစေရေး #ထိခိုက်မှုနည်းအောင်ဆောင်ရွက် #စစ်ခေါင်းဆောင် #Ayeyarwaddy_Times