ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်

ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင်ရောက် ကျောင်းသားများ အပါအဝင် အလုပ်လုပ်သူများ မေ ၂၇ ရက်နေ့မှစတင်၍ ချင်းမိုင်မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တစ်ခုတည်းတွင်သာ နိုင်ငံကူးလက်မှတ် ကိစ္စများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာသံရုံး၊ ဘန်ကောက်မြို့ကထုတ်ပြန်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် နှင့် ချင်းရိုင်ခရိုင်များရှိ တက္ကသိုလ်များတွင်တက်ရောက် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား ကျောင်းသူများနှင့် အလုပ်လုပ်ကိုင် သူများ၏ နိုင်ငံကူးလက်မှတ်ကိစ္စများကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်တော့မည်မဟုတ်ဘဲ ချင်းမိုင်ကောင်စစ်ဝန်ရုံးတွင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်သည်။

“အရင်တုန်းကဆိုရင် မြန်မာကျောင်းသားတွေက ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ သက်တမ်း တိုးဖို့ ကြိုးစားကြတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေ လုပ်ဆောင်ရမယ့် လုပ်ထုံး လုပ်နည်းတွေကို ကောင်စစ်ဝန်ရုံးဘက်ကနေ သေသေချာချာ မပြောပြပေးနိုင် တာမျိုးတွေ ဖြစ်ခဲ့တယ်။ သူတို့တောင်းတဲ့ လိုအပ်တဲ့ အထောက်အထားတွေက ကျောင်းသားတစ်ယောက်ကို တစ်မျိုး တောင်းနေတာမျိုးပေါ့” ဟု ချင်းမိုင်းတက္ကသိုလ်တွင် ကျောင်းတက်နေသည့် မြန်မာကျောင်းသားတစ်ဦးက ၎င်း၏ အတွေ့အကြုံအား ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ချင်းမိုင်တက္ကသိုလ်တွင် ကျောင်းတက်နေသည့် ကျောင်းသားများ ချင်းမိုင်ကောင်စစ် ဝန်ရုံးတွင် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရာ၌ ချင်းမိုင်တက္ကသိုလ်တွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ဆရာ၊ ဆရာမများထံမှ ကျောင်းသားမှန်ကန်ကြောင်း ထောက်ခံစာ ပြန်လည်ယူ၍ တင်ပြခိုင်းခြင်းများရှိကြောင်း သိရသည်။

” ကျောင်းသားအထောက်အထား ပြည့်စုံနေပေမယ့် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေက နေ သက်တမ်းလာတိုးတဲ့ ကျောင်းသားတွေဆို ပိုဆိုးတယ်။ ဆရာ၊ ဆရာမ ထောက်ခံချက်အပြင် ရက်ကွက်ထောက်ခံချက်ပါ ယူခိုင်းတာမျိုးတွေရှိတယ်။ စာအုပ် သက်တမ်းတိုးဖို့ ပေးတဲ့ ရက်ချိန်းက စာအုပ်သက်တမ်းကုန်မယ့် ရက်ထပ်ကို အများကြီး နောက်ကျနေတာတွေ၊ ပတ်စ်ပို့စ် စာအုပ်ကို သိမ်းထားပြီး အချိန်အကြာကြီး စောင့်ခိုင်းတာတွေလည်း ဖြစ်တယ်” ဟု ချင်းမိုင်ရှိ မြန်မာကျောင်းသား တစ်ဦးက ဆိုသည်။

မြန်မာကျောင်းသားများသည် ထိုင်းနိုင်ငံပြင်ပရှိ တက္ကသိုလ်များက ဖိတ်ကြားသောကြောင့် ပညာရေး ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ exchange program များအတွက် သွားရောက်ရန် လုပ်ဆောင်ရာတွင်လည်း ချင်းမိုင်ကောင်စစ်ဝန်ရုံးက အချိန်မီ သက်တမ်းတိုးပေးခြင်း မရှိ၍ အခက်အခဲ ဖြစ်ပေါ်ခဲ့သည့် မြန်မာကျောင်းသားများလည်း ရှိကြောင်း သိရသည်။

” ကျောင်းထောက်ခံစာ၊ တစ်ဖက်နိုင်ငံ တက္ကသိုလ်တွေက ဖိတ်ကြားစာတွေ နဲ့ လိုအပ်တဲ့ စာရွက် စာတမ်းတွေ ပြည့်ပြည့်စုံစုံ တင်ပြနိုင်လည်း အချိန်မီ စာအုပ်သက်တမ်းကို မတိုးပေးနိုင်ဘူး။ ပြည်ပနိုင်ငံမှာ သွားပြီး စာတမ်ဖတ်ဖို့အတွက် လေယာဉ် လက်မှတ် ဝယ်ရင် Passport သက်တမ်းက အနည်းဆုံး ခြောက်လ ရှိမှ ရတာ။ ဒါကြောင့်လည်း ဒီမှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေက စာရွက်စာတမ်းစုံရင် နေ့ချင်းပြီးတောင် ရနိုင်တဲ့ ဘန်ကောက်က မြန်မာသံရုံးကိုပဲ သွားလုပ်လိုက်ကြတော့တာ” ဟု ချင်းမိုင်း တက္ကသိုလ်တွင် ဘွဲ့လွန်တက်ရောက်နေသည့် ကျောင်းသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် အထောက်အထားပြည့်စုံပါက ကိုယ်တိုင် စာအုပ် သက်တမ်း တိုးရန် လွယ်ကူပြီး ပွဲစားဖြင့်လည်း သက်တမ်းတိုးခြင်းကို လုပ်ဆောင်နိုင် ကြောင်းသိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နှင့် အနီးတဝိုက်ရှိ တက္ကသိုလ်များတွင် ကျောင်းတက် ရန်လာရောက်သည့် မြန်မာကျောင်းသား အရေအတွက်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားနေပြီး အခြားအိမ်နီးချင်း အာဆီယံနိုင်ငံများထက် သုံးဆခန့် ပိုမိုများ လာကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တက္ကသိုလ် ဝင်ခွင့်ရရှိသူများစာရင်းကို ထုတ်ပြန် ထားသည့် ကြေညာချက်များအရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာကျောင်းသား (အမျိုးသား) များကို ထိုင်းဘာသာ စကား သင်တန်းဝင်ခွင့်လျှောက်ထားခြင်းအတွက် ငြင်းပယ်ခံရခြင်း၊ စစ်မှုထမ်းရန် အသက်အတွင်း အကျုံးဝင်နေသည့် မြန်မာအမျိုးသားများကို ထိုင်းနိုင်ငံတွင်နေထိုင်ခွင့် ဗီဇာထုတ်ပေးမှု ကန့်သတ်ခြင်း များရှိကြောင်း လူမှုကွန်ရက်ပေါ်တွင် ပြောဆိုမှုများ ရှိခဲ့သည်။

” အခုစစ်ကောင်စီရဲ့ ပေါ်လစီအသစ်ကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းက တက္ကသိုလ် တွေမှာ ကျောင်းတက်နေကြတဲ့ မြန်မာကျောင်းသားတွေအတွက် အထောက်အကူ ဖြစ်စေမှာလား။ ဒါမှမဟုတ် ပိုပြီးအဆင်မပြေ ဖြစ်စေမှာလားဆိုတာကတော့ စောင့်ကြည့် ရမယ်” ဟု ချင်းမိုင်းတက္ကသိုလ်တွင် ကျောင်းတက်နေသည့် မြန်မာကျောင်းသားက ဆိုသည်။

လက်ရှိတွင် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေး သော စက်သည် မေ ၂၃ ရက်နေ့မှစတင်၍ စက်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို မေ ၂၇ ရက်နေ့တွင်မှ ပြန်လည်ထုတ်ပေး မည်ဖြစ်ကြောင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အသိပေးထားသည်။

ဓာတ်ပုံ-အင်တာနက်
ပုံစာ – ချင်းမိုင် ချင်းမိုင်မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား တွေ့ရစဉ်

#ချင်းမိုင် #ချင်းရိုင် #ကျောင်းသားများ #အလုပ်လုပ်သူများ #ချင်းမိုင်ကောင်စစ်ဝန်ရုံး #နိုင်ငံကူးလက်မှတ် #ဆောင်ရွက် #Ayeyarwaddy_Times