
ဧရာဝတီတိုင်းမ်
(ကော့ကရိတ်)၊ မေ ၂၆ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဖိုးချီးမူးစခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ပြီးခဲ့သည့် မေ ၁၉ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသည့် ဖိုးချီးမူးစခန်းသည် စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းတစ်ခုဖြစ်သည့်အပြင် မြဝတီ-ဘုရားသုံးဆူ နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် စခန်းဖြစ်ပြီး စခန်းသိမ်းတိုက်ခိုက်နေစဉ်အတွင်း စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်မှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
“ဒီစခန်းကတော့ပြောရမယ်ဆိုရင် မြဝတီကနေ ဘုရားသုံးဆူထိ နယ်စပ်တစ်လျှောက် မှာရှိတဲ့ ကျွန်တော်တို့ စစ်ဆင်ရေးလှုပ်ရှားတဲ့နယ်မြေတွေမှာ နောက်ဆုံးကျန်တဲ့ နယ်စပ်အထိုင်စခန်းဖြစ်တယ်ပေါ့။ အရင်နယ်စပ်တလျှောက်မှာ ကျွန်တော်တို့ သိမ်းထားတဲ့စခန်းတွေရှိတယ်။ ကွီလုံတိုင်စခန်းရှိတယ်။ ဖိုးချီးမူးစခန်းရှိတယ်။ နှစ်ခါပြန်သိမ်းရတယ်။ အဲ့ဒီစခန်းတွေကုန်သွားတဲ့အတွက် နယ်စပ်တလျှောက်မှာ KNLA နဲ့ပူးပေါင်းအဖွဲ့တွေက အပြည့်အဝစိုးမိုးထိန်းချုပ် ထားနိုင်ပြီလို့ပြောလို့ရပါတယ်” ဟုအထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF တာဝန်ရှိသူ ကိုအောင်စံရှားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် သုံးရက်တာအတွင်း ဒုတပ်ရင်းမှူး ရန်အောင်အပါအဝင် ၄၈ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ၂၆ ဦးမှာ ထိုင်းနိုင်ငံအတွင်း သို့ထွက်ပြေး သွားကြောင်း သိရသည်။
“သေနတ်နဲ့အရှင်ဖမ်းမိတာရော လက်နက်ချအညံ့ခံတာရော အားလုံးပေါင်း ၄၈ ယောက်အတိရှိတယ်။ ထိုင်းဘက်ခြမ်းကို လွတ်ပြီး ထွက်ပြေးသွားတာ ကျွန်တော်တို့ သိရသလောက် ၂၆ ယောက်ရှိတယ်။ ထုံစံအတိုင်း ထိုင်းဘက်ခြမ်းကိုရောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက မြန်မာဘက်ခြမ်းကိုပဲ ပြန်ပို့မယ့်အခြေအနေမျိုးပေါ့နော်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဖိုးချီးမူး စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဒေသခံကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) နှင့် ဒရုန်းပူးပေါင်းတပ်များသည် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ ရေသလျှောက် စခန်း၊ မဲသရောထစခန်း၊ ကွီလုံတိုင်ဖိုးစခန်း၊ ဖိုးချီးမူးစခန်း များကို စခန်းသိမ်းပိုက် ထားနိုင်ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်သဖြင့် ယခုအခါတွင် မြဝတီမှ ဘုရားသုံးဆူအထိ နယ်စပ်တစ်လျှောက်ကို အပြည့်အဝနယ်မြေစိုးမိုး ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင်းလည်း SOF ထံကသိရသည်။
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF
#ကော့ကရိတ် #မြဝတီ #ဘုရားသုံးဆူနယ်စပ် #ဖိုးချီးမူးစခန်းသိမ်း #ထိုင်းနိုင်ငံသို့ထွက်ပြေး #စစ်ကောင်စီတပ်ဖွဲ့ဝင် #၂၆ဦးထိုင်ဘက်ထွက်ပြေး #၄၈ဦးအရှင်ဖမ်းမိ #Ayeyarwaddy_Times