
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
အာရက္ခတပ်တော် (AA)က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်လာသော ပြည်သူ ငါးသိန်း(၅၀၀,၀၀၀) ကျော်ကို လူမျိုးဘာသာမရွေး ကူညီပေးလျက်ရှိသော်လည်း လိုအပ်ချက်များအတွက် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကူညီပေးကြရန် တိုက်တွန်းတောင်ဆိုခဲ့ကြောင်း သိရသည်။
တိုက်ပွဲနှင့် နီးကပ်နေသော မြို့၊ ရွာများမှ ဒေသခံ ပြည်သူများသည် ၎င်းတို့၏အသက် အန္တရာယ် ဘေးကင်းလုံခြုံစေရေးနှင့် တိုက်ပွဲများအတွင်း ကြားညှပ်မသွားစေရေး တို့အတွက် AA အလုံးစုံ ထိန်းချုပ်ထားသော နေရာများသို့ စစ်ဘေးရှောင်လာကြကြောင်း သိရသည်။
ယင်းတို့ကို အာရက္ခဒေသနေ ပြည်သူများအဖြစ် တန်ဖိုးထားလျက် လူမျိုးဘာသာ မရွေး၊ မခွဲခြားဘဲ အကောင်းဆုံး ကူညီကာကွယ် စောင့်ရှောက်ပေးလျက်ရှိသလို လက်ရှိတွင် စစ်ဘေးရှောင် အရေအတွက် ငါးသိန်းကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း AA က ယမန်နေ့ မေ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်ဘေးရှောင်များသည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နှစ်သိန်းခန့်ရှိပြီး ထိုအထဲမှ ၈၀ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်ပြီး ရခိုင်နှင့် တခြားသော လူနည်းစုများသည်လည်း ၂၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ယင်း စစ်ဘေးရှောင်များကို အာရက္ခတပ်တော် (AA) အနေဖြင့် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးအပါအဝင် အခြေခံအစားအစာများ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထား ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံ အစားအစာများအပြင် ကလေးနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မကြာမီရောက်လာမည့် မိုးတွင်းကာလ အတွက် အမိုးအကာ၊ အိမ်သာများမှာ အရေးတကြီး လိုအပ်သော ပစ္စည်းများဖြစ်၍ နိုင်ငံတကာ၊ စေတနာရှင်၊ NGO အဖွဲ့အစည်းများနှင့် စေတနာ အလှူရှင်များမှ ကူညီပေးကြရန် AA က တိုက်တွန်းထားသည်။
“နိုင်ငံတကာ အကူအညီတွေကို မိုခါ (မုန်တိုင်း)ကတည်းက စစ်ကောင်စီက ပိတ်ထားခဲ့တယ်။ အဲဒီလို ပိတ်ပင်ထားလို့ စစ်ဘေးရှောင်တွေ အများကြီးဒုက္ခ ရောက်ကြတယ်။ ကုန်စျေးနှုန်းတွေလည်း တအားကြီးလာတယ်။ ကုန်ပစ္စည်းတွေ ပြတ်လပ်လာတယ်။ အဲဒီလို အခြေအနေမျိုးတွေကြောင့် စစ်ဘေးရှောင်တွေသာမက အကုန်လုံး အခက်အခဲတွေ့ပြီး ဒုက္ခရောက်ကြတယ်” ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာရက္ခဒေသအတွင်း စစ်ကောင်စီ၏ ဗျူဟာ၊ တပ်မ၊ တပ်ရင်းဌာနချုပ်များမှ တပ်ဖွဲ့ဝင်များသည် စခန်းစွန့်ခွာ၍ လက်နက်များဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးနေကြဆဲ ဖြစ်သောကြောင့် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် ၎င်းတို့၏ အန္တရာယ်ကို သတိထားကြရန်နှင့် စစ်ကောင်စီသည် လေ ကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသောကြောင့် စစ်ရေးသတိအပြည့်ဖြင့် နေထိုင်ကြရန် အလေးအနက်တိုက်တွန်းကြောင်း AA က ဆိုထားသည်။
ထို့အပြင် စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများနှင့် ရှုပ်ထွေးလျက်ရှိသော အာရက္ခဒေသ၏ လက်ရှိအခြေအနေကို လူအမျိုးမျိုးတို့သည် ရှုထောင့်အမျိုးမျိုးမှ ၎င်းတို့၏ အကျိုးစီးပွားအတွက် အဖြစ်အပျက်မှန်များကို မျက်ကွယ်ပြု လျစ်လျူရှုကာ လိုရာဆွဲ ပြောဆိုရေးသားနေမှုများကို ခပ်စိပ်စိပ် တွေ့မြင်လာနေရကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
မည်သို့ပင်ဆိုစေ ၎င်းတို့၏ ရပ်တည်ချက်နှင့် တာဝန်ဝတ္တရားများအတိုင်း ပြည်သူ့ ဝန်ဆောင်မှုအပိုင်းတွင် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့်လည်း သတင်းတု၊ သတင်းမှားများအပေါ် အခြေခံ၍ ၎င်းတို့အပေါ် တစ်ဖက်သတ် အပြစ်တင်ပြောဆို ရေးသားနေကြမည့်အစား ပကတိ မြေပြင်အမှန်တရားကို သိရှိနားလည်အောင် ဦးစွာပြုလုပ်သင့်သည်ဟု AA က အကြံပြု ထားသည်။
ပြည်သူလူထုအတွက် မြေပြင်တွင် အမှန်တကယ် အကာအကွယ်ပေး ဆောင်ရွက် နေသော ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကသာ အားလုံးအတွက် ပို၍အကျိုး ရှိနိုင်လိမ့်မည်ဖြစ်ပြီး ဒေသအတွင်း အတူနေလူမျိုးများ အချင်းချင်းအကြား၌ သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ တရားမျှတမှု ရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသည်များကို အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း AA က ဆိုသည်။
အလားတူ စစ်ကောင်စီကို တော်လှန်နေကြသည့် တော်လှန်ရေး အင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့၏ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ပူးတွဲသဘောထား ထုတ်ပြန်ချက်တွင် အချက်အလက်အချို့ မှားယွင်းနေပြီး မြေပြင် ပကတိ အခြေအနေနှင့် ကွဲလွဲမှုများရှိနေသဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ- AA ထိမ်းချုပ်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မူဆလင်များကို တွေ့ရစဉ်
#ထိန်းချုပ်နယ်မြေ #စစ်ဘေးရှောင်၅သိန်းကျော် #အကူအညီပေးရန် #AAတောင်းဆို #Ayeyarwaddy_Times