ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်

စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ထောင်ဝင်စာ ပါဆယ်ပို့ခြင်းများကို ပြီးခဲ့သည့် မေ ၂၂ ရက်နေ့မှ စတင်ကာ ယခင်ကထက်ပို၍ ဖိနှိပ်မှုများပြုလုပ်နေကာ ကန့်သတ်မှုများကို ပိုမိုလုပ်ဆောင်လာကြောင်း နိုင်ငံရေး အကျဉ်းသူများအဖွဲ့(WOPP) ထံက သ်ိရသည်။

စစ်ကောင်စီသည် ယခုလက်ရှိတွင် နိုင်ငံရေးအကျဉ်းသားအများစုကို ထောင်အပြောင်း အရွှေ့များစွာပြုလုပ်ထားပြီး ထောင်ဝင်စာပေးပို့ရာတွင် သန်းခေါင်စာရင်းတွင် ပါဝင်သည့်သူမှလွဲ၍ အခြားသူများကို လက်ခံခြင်းမပြုတော့သည့်အတွက် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များမှာ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

“ထောင်ဝင်စာပို့တာကိုထပ်ပြီး ဖိနှိပ်လိုက်တယ်ဆိုတာက အစတည်းက ထောင်ဝင် စာပို့ရင် သန်းခေါင်စာရင်းထဲကပါတဲ့ မိသားစုဝင်ပဲပို့ရမယ်လို့ပြောတယ်။ တကယ့် လက်တွေ့ဆိုရင် နယ်ထောင်ကိုပြောင်းလိုက်တယ်။ အိမ်ကမိသားစုနဲ့ဝေးသွားတဲ့ အခါရှိတယ်။ နီးစပ်‌တဲ့ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေက တဆင့် ပါဆယ်ပို့ရတာ။ အခုက မိသားစုဝင်မဟုတ်ရင်မပို့ရဘူးဆိုတဲ့အနေအထားမျိုးက အရမ်းခက်ခဲတယ်။ နောက်ပြီးအိမ်ထောင်ကျနေတဲ့သူဆို ကိုယ့်ရဲ့မိဘအရင်း သန်းခေါင်စာရင်းထဲကခွဲ ထွက်ပြီးသွားပြီ။ ထောင်ကျတဲ့အခါကျတော့ သန်းခေါင်စာရင်းထဲမပါလို့ဆိုပြီး မိဘ အရင်းတွေက သွားပို့တာဝောာင် ပို့လို့မရတဲ့အနေအထားမျိုး ” ဟု WOPP အဖွဲ့၏ ဦးဆောင်အကြံပေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အင်းစိန်ထောင်၊ ဒိုက်ဦးထောင်၊ သာယာဝတီထောင် စသည့် ထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်များ ကို ယခင်ကထက်ပိုမိုတင်းကျပ်ထားခြင်း ဖြစ်ကြောင်း WOPP အဖွဲ့ထံက သိရသည်။

“လက်ရှိကတော့ ထောင်တစုချင်းစီကိုကြားရတာ မဟုတ်ဘူး။ ထောင်အများစု ဒါမှမဟုတ် ထောင်အားလုံး ဒါမျိုးလုပ်ရမယ်ဆိုတဲ့ အနေအထားမျိုး အပေါ်ကနေ ညွှန်ကြားလိုက်လို့ ဆောင်ရွက်လာတဲ့ အနေအထားမျိုးတွေ့ရတယ်။ သေချာတာကတော့ တစ်ထောင်ပြီး တစ်ထောင် တောက်လျှောက် ကျပ် လာတော့မှာ” ဟု အဆိုပါ WOPP အဖွဲ့၏ ဦးဆောင်အကြံပေးအဖွဲ့ဝင်က ဆက်လက်ပြောသည်။

စစ်ကောင်စီသည် ကိုဗစ်ကာလမှ စတင်ကာ ‌အကျဉ်းထောင်များတွင် ထောင်ဝင်စာ တွေ့ခွင့်များကို သုံးနှစ်ကျော်ကြာပိတ်ပင်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၃ ၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် ထောင်ဝင်စာတွေ့ခွင့်ကို တင်းကျပ်မှုများစွာဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူ ၂၆,၇၂၈ ဦးရှိပြီး ၎င်းတို့ထဲမှ ၂၀,၄၈၂ ဦးမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ မတ် ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – ဒိုက်ဦးထောင်
#ဒိုက်ဦးထောင် #နိုင်ငံရေးအကျဉ်းသား #ထောင်ဝင်စာတင်းကျပ် #စစ်ကောင်စီ #Ayeyarwaddy_Times