ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်အောင် တွန်းအားပေး နေတာတွေ ပိုဆိုးလာပြီး အရပ်သားပြည်သူတွေ ထိခိုက်နစ်နာတဲ့အပေါ် စိုးရိမ်မိကြောင်း အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျအပါအဝင် နိုင်ငံကိုးနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့က မေလ ၂၄ ရက်နေ့မှာ ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယား၊ မော်လ်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်တို့ ပူးပေါင်း ထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ရခိုင် ၊ ရိုဟင်ဂျာနဲ့ အခြားလူမျိုးစုတွေ အပါအဝင် အရပ်သားပြည် သူ အားလုံးအတွက် ဘေးအန္တရာယ် ပိုများစေပြီး တာဝန်ရှိတဲ့ အဖွဲ့အစည်းအားလုံးက အရပ်သားပြည်သူ တွေကို အကာအကွယ်ပေးဖို့ ထုတ်ပြန်ချက်က တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ရက်စက် ကြမ်းကြုတ်မှုအားလုံးအတွက် တာဝန်ခံမှု ရှိရမယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်သူဦးရေဟာ အရင်က ၁ သန်းလောက်ရှိရာမှ အာဏာသိမ်းမှု နောက်ပိုင်း ၁၈.၆ သန်းအထိ တိုးလာတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာစစ်တပ်ထံ လေယာဉ်ဆီအပါအဝင် စစ်လက်နက် ဒါမှမဟုတ် အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိ ယာတွေ စီးဆင်းမှုကို ဟန့်တားဖို့လည်း ထုတ်ပြန်ချက်က တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေနဲ့ ဆေးရုံဆေးခန်းတွေ လေကြောင်းတိုက်ခိုက်ခံရတာ၊ အမျိုးသမီးနဲ့ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မ တရားပြုကျင့်တာနဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးချတာ စတဲ့ အခွင့်အရေးချိုးဖောက်တဲ့ ယုံ ကြည်ရတဲ့သတင်းတွေ ပေါ်ထွက်ခဲ့တယ်လို့ ကြေညာချက်က ဖော်ပြပါတယ်။

မတရား ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးဖို့၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို အ ပြည့်အဝ အကောင်အထည်ဖော်ဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ဖန်တီးပေးဖို့ စစ်ကောင်စီနဲ့ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို တောင်းဆိုကြောင်း ထုတ်ပြန်ချက်က ဆိုပါ တယ်။

ကိုးကား – https://www.state.gov
Ref; Joint Statement on the Ongoing Conflict in Myanmar

#Ayeyarwaddy_Times