ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ မေ ၂၅ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် ကျောင်းသူ၊ကျောင်းသားများ ပညာဆက်လက် သင်ယူနိုင်ရန်အတွက် မြန်မာ-အိန္ဒိယနယ်စပ်တွင် Paletwa Education centre ကျောင်းကို မေလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း တာဝန်ရှိသူများထံက သိရသည်။

ပလက်ဝမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ကျောင်းသူ၊ကျောင်းသားများ ပညာဆက်လက် သင်ယူနိုင်ရန်နှင့် ပညာသင်ကြားခွင့် မရှုံးဆုံးစေရေးအတွက် Paletwa Education centre ကျောင်းကို ယခုနှစ်တွင် ပထမအကြိမ် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

“ကျောင်းကို မူလတန်းကနေ အထက်တန်းအထိ ဖွင့်ပေးနေပါတယ်။ ကျောင်းကတော့ မေလ ၂၃ ရက်နေ့စ ဖွင့်ပါပြီ။ ကျောင်းသားတွေကို လက်ခံနေတုန်းပါ။ စာရင်းအတိကျတော့ မသိရသေးဘူး။ ကျောင်းကို ဒီနှစ်မှာ ပထမအကြိမ် ဖွင့်တာပါ။”ဟု Paletwa Education Centre မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကျောင်းကို ကျောင်းဆရာ၊ဆရာမ ၂၅ ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး လက်ရှိ ကျောင်းတက်ရောက်လာကြသည့် စစ်ဘေးရှောင် ကျောင်းသူ၊ကျောင်းသား အယောက် (၃၀၀) ကျော် ရှိနေပြီဖြစ်ကြောင်းနှင့် ဆက်လက် ကျောင်းအပ်နှံသူများလည်း ရှိနေသေးကြောင်း သိရသည်။

ကျောင်းသူ၊ကျောင်းသားများအတွက် ကျောင်းအသုံးအဆောင်များဖြစ်သည့် ခဲတံ၊ ဘောပင်၊ စာရေးခုံနှင့် အခြားစာရေးကိရိယာများ လိုအပ်လျက်ရှိပြီး သင်ကြားရေး ကျောင်း ဆရာ၊ဆရာမများအတွက်လည်း ခံစားခွင့် လစာများ ကူညီထောက်ပံ့ရန် အခက်ခဲရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင် ကျောင်းများလည်း လာမည့် ဇွန်လတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကျောင်းသားမိဘများထံက သိရှိရသည်။

#မြန်မာ #အိန္ဒိယနယ်စပ် #ပလက်ဝစစ်ဘေးရှောင် #PaletwaEducationCentre #Ayeyarwaddy_Times