
ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
ထောင်ကျဖူးတဲ့ ရှေ့နေတစ်ဉီးကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်မှုနဲ့ပတ်သက်လို့ ဝန်ကြီး ချုပ် Srettha Thavisin ကို ရာထူးမှဖယ်ရှားဖို့ တိုင်ကြားချက်တစ်ရပ်ကို ထိုင်း ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက မေ လ ၂၃ ရက်မှာ လက်ခံခဲ့တယ်လို့ သိရပါတယ်။
စီးပွားရေးကျဆင်းမှုနဲ့ ပြည်သူ သန်း ၅၀ ကို ငွေကြေးထောက်ပံ့မယ့် ရွေးကောက်ပွဲကတိကဝတ် စတင်ဖို့ ထိုင်းအစိုးရက ရုန်းကန်နေရစဉ် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဝန်ကြီး ၃ ဉီး နှုတ်ထွက်ပြီး နောက် ထိုင်း ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက အခုလို ဆုံးဖြတ်တာပါ။
Srettha Thavisin ကို ရာထူးတာဝန်မှ မရပ်ဆိုင်းဖို့ ထိုင်း ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ရွေးချယ်ခဲ့ပေ မယ့် အထက်လွှတ်တော်အမတ် ၄၀ ဉီးက ဝန်ကြီး Pichit Chuenban ဟာ ဖွဲ့စည်းပုံအခြေခံဉပဒေမှာ သတ်မှတ်ထားတဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် Srettha Thavisin အနေနဲ့ တရားရုံးမှာ ခုခံချေပဖို့ အချိန် ၁၅ ရက် ရရှိပါတယ်။ “ဒီစွဲ ချက်က သူ့ရဲ့တာဝန်ကို မထိခိုက်ဘူးလို့ ဝန်ကြီးချုပ်က ယုံကြည်ပါတယ်” လို့ ထိုင်းအစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ Chai Wacharonke က ပြောပါတယ်။
Pichit Chuenban ရဲ့ အရည်အချင်းကို အသေအချာ ဆန်းစစ်လေ့လာပြီးမှ ဝန်ကြီးချုပ်ရုံးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ကာ ထိုခန့်အပ်မှုဟာလည်း ဉပဒေနဲ့ညီညွတ်တယ်လို့ ၎င်းက ဆိုပါတယ်။
သြဇာညောင်းသော ရှင်နာဝပ်ထရာမိသားစုရဲ့ နိုင်ငံရေးအရ နီးကပ်တဲ့ မဟာမိတ်တစ်ဉီးအဖြစ် ဆယ်စုနှစ်ချီ တာဝန်ယူခဲ့တဲ့ Pichit Chuenban ဟာ တရားရုံးအမှုမှာ Srettha က ကာကွယ်နိုင်ဖို့ အင်္ဂါနေ့ မှာ ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။
စက္ကူအိတ်တစ်လုံးအတွင်း ဘတ် ၂ သန်းထည့်ကာ တရားရုံး တာဝန်ရှိသူတွေကို လာဘ်ပေးဖို့ ကြိုးစားပြီး တရားရုံးကို မထီမဲ့မြင်ပြုမှုကြောင့် Pichit Chuenban ဟာ ၂၀၀၈ ခုနှစ်မှာ ထောင် ၆ လ ပြစ်ဒဏ်ကျခံခဲ့ရပြီး ရှေ့နေ့လိုင်စင်လည်း ၅ နှစ်ကြာ ရုတ်သိမ်းခံခဲ့ရပါတယ်။
တရားရုံးကသာ Srettha ကို ငြင်းဆန်ပါက အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရမှာဖြစ်ပြီး လွှတ်တော်က နေ ဝန်ကြီးချုပ်တစ်ဉီးကို မဲပေးရွေးချယ်ဖို့ Pheu Thai ပါတီက ကိုယ်စားလှယ်လောင်းသစ်တစ်ဉီး အဆို ပြုရမှာဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Thai court accepts complaint seeking PM’s removal over Cabinet appointment
#Ayeyarwaddy_Times