ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ မေ ၂၄ ရက်

ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်း တိုက်ပွဲတွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ထိရှိလာကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တွန်းဇံမြို့တွင် မေလ (၁၆) ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ဗုံးကြဲသည့်အတွက် ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရာ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ထိရှိပြီး စားဝတ်နေရေးအတွက် အကူညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“တွန်းဇံမြို့နဲ့ မြို့အနီးဝန်းကျင် (၁၅) ရွာလောက်က စစ်ဘေးရှောင် တစ်သောင်းကျော်လောက်ရှိတယ်။ တချို့က အသိမိတ်ဆွေအိမ်မှာ နေတဲ့သူတွေက ကူညီမယ့်လူရှိတယ်။ တောတောင်ထဲ စစ်ဘေးရှောင်ကြတဲ့ ပြည်သူတွေက အရမ်းခက်ခဲတယ်။ စားသောက်ရေးနဲ့ နေထိုင်ရေး အဆင်မပြေဘူး။ အခု သူတို့တွေ စားသောက်ရေး၊ ဆေးဝါးတွေ အကူညီလိုအပ်နေသေးတယ်။ ကူညီပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ခေါဝုန်လေးဆန်ရပ်မှ နေအိမ် (၃၀) ကျော်နှင့် လုံတပ်ကျေးရွာနှင့် ဖိုင်တူကျေးရွာမှ ဘုရားကျောင်းအပါဝင် နေအိမ်အများပြား ပျက်စီးခဲ့သည်။

ယနေ့ မေလ (၂၄) ရက်နေ့တွင် တွန်းဇံမြို့တွင်း၌ သေနတ်ပစ်ခတ်သံများ လုံးဝ မရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့အများပြားသည် တီးတိန်းမြို့ဘက်သို့ တပ်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။

“မနေ့ ညနေလောက်ထိ တွန်းဇံမြို့မှာ ပစ်ခတ်သံတွေရှိသေးတယ်။ ဒီနေ့ မနက် (၁၀) နာရီ အခုအထိ ပစ်ခတ်သံတွေ မရှိတော့ဘူး။ ဒီနေ့ မနက်အစောပိုင်းက စစ်သားတွေဟာ တွန်းဇံ-တီးတိန် သွားတဲ့လမ်းကနေ တီးတိန်ဘက် ထွက်ပြေးကြပြီ” ဟု တွန်းဇံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တွန်းဇံမြို့ အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်သိရှိရန် ချင်းအမျိုးသားတပ်မတော်(CNA) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီကို ဧရာဝတီတိုင်းမ်မှ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

တွန်းဇံမြို့ကို CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က မေလ ၂၁ ရက်နေ့တွင် သိမ်းပိုက်ရရှိထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းမှ စစ်အင်အားဖြည့်တင်းမှု့ကြောင့် ယမန်နေ့ မေလ (၂၃) ရက်နေ့ထိ တိုက်ပွဲများရှိနေကြောင်း သိရသည်။

#တွန်းဇံမြို့သိမ်းတိုက်ပွဲ #စစ်ဘေးရှောင်ပြည်သူ #၁၀၀၀၀ ကျော်ထိရှိလာ #Ayeyarwaddy_Times