
ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် နေရပ်စွန့်၍ အိုးအိမ်များမှ စွန့်ခွာထွက်ပြေးနေရသော ဒေသခံပြည်သူ နှစ်သိန်း(၂၀၀,၀၀၀) နီးပါး ရှိနေကြောင်း သိရသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့မှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁၈၅,၀၀၀ ကျော်ရှိသည်ဟု ယမန်နေ့ မေ ၂၃ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေရပ်စွန့်ခွာထွက်ပြေးနေရမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ အရပ်သားပြည်သူကာကွယ် စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်စရာများလည်း ဆက်လက် မြင့်တက်လျက်ရှိကြောင်း UNOCHA ကဆိုသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီအပြင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်စသည့် အခြားလက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်နေသည့် ဘူးသီးတောင်မြို့နယ်မှ ပဋိပက္ခသည် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ပြင်းထန်ခဲ့ပြီး မြို့လယ်တွင် အရေအတွက်အတိအကျအတည်မပြုနိုင်သည့် လူနေအိမ်များစွာ မီးလောင် ပြာကျခဲ့ရပြီး လူမျိုးရေးတင်းမာသည့် အခြေအနေများ မြင့်တက်ခဲ့သည်ဟု UNOCHA က ဆိုထားသည် ။
ပြီးခဲ့သည့် နိုဝင်ဘာလကစတင်ခဲ့သော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့တွင် လူဦးရေ ၁၈၅,၀၀၀ ကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းတစ်လျောက် ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၁၀,၀၀၀ ခန့်သည် နယ်မြေရှင်းစစ်ဆင်ရေးများကြောင့် မေ ၁၄ ရက်နေ့ကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။
မွန်ပြည်နယ် ဘီးလင်းနှင့် သထုံမြို့နယ်များမှ လူဦးရေ ၄,၀၀၀ ကျော်သည်လည်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် မေလ ၁၅ ရက်နေ့က ဘေးလွတ်ရာကို ပြေးခဲ့ကြရသည်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် မတ်လ ၇ရက်နေ့မှစ၍ ပြန်လည် ပြင်းထန်လာသည့် တိုက်ပွဲများအတွင်း ကျေးရွာ ၂ ရွာမှ လူဦးရေ ၈၀၀ ကျော်သည် မေလ ၁၁ ရက်နေ့ကတည်းက နေရပ်စွန့်ခွာထွက်ပြေး နေကြရကြောင်း UNOCHAက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ယခုလက်ရှိ၌ ဘူးသီးတောင်၊ မောင်တော၊ သံတွဲနှင့် အမ်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တွေနှင့် ကျောက်ဖြူမြို့နယ် တို့ကိုလည်း AA က ပိတ်ဆို့ထားသည့် အခြေအနေဖြစ်သည်။
စစ်ကောင်စီထိန်းချုပ်နယ်မြေနှင့် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေများမှ ပြည်သူများ အနေဖြင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့်နယ်မြေများသို့ လာရောက်ခိုလှုံ ကြရန် AAက ပြောကြားထားသည်။
ပုံစာ- စစ်ရှောင်ပြည်သူများကို AAက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေစဥ်
#ရခိုင် #ပလက်ဝ #တိုက်ပွဲ #ဒေသခံပြည်သူ #၂သိန်းနီးပါး #အိုးအိမ်စွန့်ခွာပြေး #Ayeyarwaddy_Times