ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ( Remal) သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် အဝါရောင်အဆင့်( မုန်တိုင်းသတိပေးချက်) သတ်မှတ်ကာ လာမည့် ၇၂ နာရီအတွင်း မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၄ ရက်နေ့ မနက်ပိုင်းထုတ်ပြန်သည်။

အဆိုပါမုန်တိုင်းသည် မေ ၂၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိပြီး မေ ၂၆ ရက်နေ့တွင် အားကောင်းသောဆိုင်ကလုန်မုန်တိုင်းဖြစ်ပေါ်ပြီး မေ ၂၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒီပူပါရာမြို့နှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေ၊ ဆာဂါကျွန်းတို့ အကြားဖြတ်ကျော်နိုင်မည်ဟုခန့်မှန်းထုတ်ပြန်သည်။

ထို့ပြင်အာရှဒေသဆိုင်ရာမိုးလေဝသအထူးပြုခန့်မှန်ရေးဗဟိုဌာန၏ မုန်တိုင်းခန့်မှန်းလမ်းကြောင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေနှင့် မောင်တောကြားသို့ဖြတ်ကျော်နိုင်ကြောင်းခန့်မှန်းထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မေ ၂၄ ရက်နေ့တွင်ထုတ်ပြန်သည်။

ယင်းမုန်တိုင်းအရှိန်ကြောင့် လာမည့် ၇၂ နာရီ (မေ ၂၄ ရက်မှ ၂၇ ရက်နေ့အတွင်း) နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းပါဝင်သည်။

အဆိုပါဒေသများတွင် မုန်တိုင်းငယ်အရှိန်ကြောင့် နေရာဒေသအလိုက်နေရာကွက်၍ မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်း၊ ရေကြီး၊ ရေလျှံမှုတို့ဖြစ်ပေါ်နိုင်ကြောင်းပါဝင်သည်။

ရခိုင်ပြည်၊ မောင်တောနှင့် စစ်တွေခရိုင်ကမ်းရိုးတန်း နေပြည်သူများ မုန်တိုင်းဒီရေကိုသတိပြု ရှောင်ရှားနိုင်ရန်နှင့် ရခိုင်ကမ်းရိုးတန်းတွင် ၁၄ ပေမှ ၁၆ ပေအထိ မုန်တိုင်းဒီရေမြင့်တက်နိုင်ကြောင်း လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကာ ရေပြင်/ မြေပြင်လေသည် မိုင် ၄၀ မှ ၆၀ ထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၆ ပေအထိရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းပြင် မုတ္တမကွေ့၊ မွန် – တင်္နသာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုး သက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ ရေပြင်/မြေပြင်လေ မိုင် ၄၀ မှ ၄၅ မိုင်အထိ လှိုင်းအမြင့်ပေ ၉ ပေမှ ၁၂ ပေအထိရှိနိုင်ကြောင်းသိရသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ မေ ၂၃ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

#ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း #remal
#မုန်တိုင်းငယ် #ဆိုင်ကလုန်းမုန်တိုင်း
#မိုးကြီးမည် #Ayeyarwaddy_Times