အယိုက်လင်း/ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့တွင် တစ်ရက်တည်း မြန်မာနိုင်ငံသားများအပါဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၂၈ ဦး ဖမ်းဆီးခံရကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးထံမှ သိရှိရသည်။

စီနိုင်းမြို့တွင် ယမန်နေ့ မေလ ၂၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသည့် စက်ရုံတွင် မလေးလူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ရှောင်တခွင်ဝင်ရောက်စီးနင်းဖမ်းဆီးရာ တရားမဝင်လာရောက် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အများအပြားဖမ်းဆီးခံရခြင်းဖြစ်သည်။

“စီးနိုင်း တစ်မြို့တည်းကို မနေ့က နှစ်နေရာလောက် ဝင်ဖမ်းသွားတာပါ။ အထောက်ထားမဲ့ နိုင်ငံခြားသား ၂၀၀ ကျော်ပါတယ်။ အဲ့ထဲမှာ မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော်ပါသွားတယ်” ဟု လူမှုကူညီရေးဆောင်ရွက်နေသူ ချင်းအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အဖမ်းခံရသူများကို မလေးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တရားမဝင်နေထိုင်မှုဥပဒေ ပုဒ်မ (၁) (ဂ)၊ ပါမစ်ရက်လွန်နေထိုင်မူ ပုဒ်မ (၁၅) (၁)(ဂ) ဖြင့် တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားအစိုးရအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံသို့ တရားမဝင်နေထိုင်သူများကို တရားဝင် ဒဏ်ကြေးငွေပေးဆောင်ပြီး ပြန်နိုင်ရေးအတွက် ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ခွင့်ပြုပေးထားသည်။

#မလေးရှား #မြန်မာနိုင်ငံသား #အထောက်ထားမဲ့ #နိုင်ငံခြားသား #၂၂၈ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times