ဧရာဝတီတိုင်းမ်
မေ ၂၄ရက်

ရခိုင်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် အရာရှိလေ့ကျင့်ရေး သင်တန်းတွင် အရာရှိပေါင်း ၃၂၆ ယောက်ကို အာရက္ခတပ်တော် (AA) စစ်ရုံးချုပ်မှ ဦးဆောင်၍ သင်တန်းပေးပြီး သင်တန်းဆင်းပွဲပြုလုပ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မေ ၂၀ရက်နေ့တွင် AA စစ်ရုံးချုပ်မှ ဦးဆောင်၍ အရာရှိစစ်သည် ၃၂၆ ယောက်ကို သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) ကထုတ်ပြန် သည်။

အနာဂတ် အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်သော၊ လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော စစ်သည်တော်ကောင်းများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်း လာရေး၊ အာရက္ခဒေသနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေး စသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် အရာရှိသင်တန်းကို ဖွင့်လှစ်၍ သင်တန်းဆင်းပေးခဲ့ကြောင်း AA က ဆိုသည်။

အဆိုပါ သင်တန်းကို တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ အာရက္ခမြေပြင်ထက်တွင် မေ ၂၀ ရက်နေ့၌ အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ခဲ့ကြောင်းသိရသည်။

အာရက္ခတပ်တော် AA၊ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ သင်တန်းသူ/ သား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့‌ကြောင်း သိရသည်။

သင်တန်းဆင်း အရာရှိများကို ယမန်နှစ် ဇွန်လ ၁၉ ရက်နေ့တွင် “အရာရှိလောင်း”အဖြစ် အသိအမှတ် ပြုပေးသောအခမ်းအနားကို ပြုလုပ်၍ ၁၁ လအကြာတွင်မှ သင်တန်းဆင်း နိုင်ခဲ့ခြင်းဖြစ်ပြီး အာရက္ခမြေတွင် ပထမဆုံးအကြိမ်ပြုလုပ်သော ဤသင်တန်းကာလ သည် ၁ နှစ် နှင့် ၇ လနီးပါးကြာမြင့်ခဲ့ကြောင်း AAက ဆိုထားသည်။

အာရက္ခတပ်တော် (AA) ၏ အရာရှိ လေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁) ကို ၉ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ဖြစ်သည့် ၂၀၁၈ ဧပြီ ၁၀ ရက်နေ့တွင် တပ်တော်နေ့ အခမ်းအနားနှင့်အတူ ကချင်ပြည်တွင် သင်တန်းသူ/ သား ၁၃၈ ဦးဖြင့် စတင်ဖွင့်လှစ် နိုင်ခဲ့ပြီး အမှတ်စဉ် (၂) ကိုလည်း ကချင်ပြည်နယ်တွင် ဖွင့်လှစ်ခဲ့သည်။

အာရက္ခတပ်တော် AA၊ အရာရှိသင်တန်း၊ အမှတ်စဉ် (၄) နှင့် အခြေခံ စစ်ပညာသင်တန်း များကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာထားပြီး ဖွင့်လှစ်မည့် အချိန်တွင် အာရက္ခပြည်သူ/သားများအား ထပ်မံအသိပေးသွားမည် ဖြစ်‌ကြောင်း AAက‌ ထုတ်ပြန်သည်။

အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသော လူငယ်၊ လူရွယ်များသည် အမျိုးသားရေးအသိ စိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တို့ဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်ဖြစ်သည်ဟု AA က ဆိုထားသည်။

အာရက္ခတပ်တော်တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသ တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်သည်ဟု AA က ထုတ်ပြန်ထားသည်။

ပုံစာ- AA၏အရာရှိသင်တန်းဆင်းပွဲ
#ရခိုင် #အာရက္ခတပ်မတော် #AA #အရာရှိသင်တန်းဆင်းပွဲ #အရာရှိ၃၂၆ယောက် #Ayeyarwaddy_Times