
ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
မြန်မာနိုင်ငံဒေသအသီးသီးတွင် ပြီးခဲ့သည့် ၂၀၂၄ နှစ်စမှ ဧပြီအထိ လေးလတာကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃၅၉ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၅၆ ဦး ရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစည်း၏ အစီရင်ခံစာအရ သိရသည်။
လေးလတာအတွင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် အရပ်သားများတွင် အသက်မပြည့် သေးသည့် ကလေးငယ် ၆၁ ဦး၊ အမျိုးသမီး ၅၃ ဦး၊ အမျိုးသား ၈၃ ဦး နှင့် ကျား၊မ မသိရသူ ၁၆၁ ဦး အထိပါဝင် နေကြောင်း သိရသည်။
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုအများစုကို စာသင် ကျောင်း၊ ဆေးရုံ၊ ဘာသာ ရေးအဆာက်အအုံများကို ဦးတည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စာသင်ကျောင်း ၃၈ ကျောင်းအထိပျက်စီး ခဲ့ရကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစည်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အရပ်သားတွေကို လေကြောင်းတိုက်ခိုက်တာက သူတို့(စစ်တပ်)ကတော့ အရပ်သားလို့မြင်မှာမဟုတ်ဘဲ ရန်သူလိုပဲသဘောထားပြီး ဘုန်းကြီးကျောင်းလည်းမချန်၊ စာသင်ကျောင်းလည်းမချန် ဗုံးကြဲပြီးတိုက်ခိုက်ဖြစ်ခဲ့တာ။ အရပ်သားလို့မမြင်ဘဲ သူတို့ကိုဆန့်ကျင်နေတဲ့ ပြည်သူတွေအကုန်လုံးကို ရန်သူလိုပဲသဘောထားတာ။ ဗုံးကြဲတဲ့ကောင်တွေကိုလည်း ဒါကရန်သူအခြေချစခန်း၊ ရန်သူနဲ့ပါတ်သတ်တဲ့နေရာ စစ်ဆင်ရေး ဒီနေရာကိုဗုံးကြဲဆိုပြီး တိုက်ခိုက်တဲ့သူကလည်း ရန်သူနေရာလို့ပဲ သတ်မှတ်ပြီး တိုက်ခိုက်တာ” ဟု လေတပ် CDM တပ်ကြပ်ကြီးဇေယျ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကို ယခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် အများဆုံး ပြုလုပ်ခဲ့ပြီး ရန်ကုန် နှင့် ဧရာဝတီ တိုင်းတို့မှ လွဲ၍ ကျန် တိုင်း နှင့် ပြည်နယ် အသီးသီးတွင်လည်း လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓာတုအဆိပ်ဓာတ်ငွေ့ဗုံး အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်မှာလည်း (၆) ကြိမ်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“လေကြောင်းတိုက်ခိုက်မှုများလာတာက သူ့(စစ်ကောင်စီ)ရဲ့ ကြည်းတပ်၊ ခြေလျင်တပ်ရဲ့ စွမ်းဆောင်ရည်က တော်တော်ကိုကျလာတဲ့ အနေအထားရှိတယ်။ လေကြောင်းကို အဓိကထားသုံးတာ သူ့စစ်သားတွေ စိတ်ဓာတ်မြှင့်တင်ပေးဖို့။ နောက်တစ်ခုက လေကြောင်းတစ်ခုကပဲ သူတို့အတွက်ပိုပြီးအားသာစေတာပေါ့နော် ဒါကြောင့်မို့ လေကြောင်း တိုက်ခိုက်တာကိုပဲပိုပြီးတိုးလာတာပေါ့နော်” ဟု CDM တပ်ကြပ်ကြီး ဇေယျက ဆက်လက် ပြောသည်။
စစ်ကောင်စီသည် အရပ်သားများအပေါ်လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုလုပ် ဆောင်လာပြီး အရပ်သား သေဆုံးမှုအ ရေအတွက်မှာလည်း နှစ်စဉ်မြင့်တက်လာကာ ယခုနှစ် လေးလတာအတွင်း သေဆုံးမှုမှာ ယမန်နှစ် ၂၀၂၃ ခုနှစ်တစ်ခုလုံး၏ ထက်ဝက် ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ မှ ၂၀၂၄၊ ဧပြီလအထိ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် အရပ်သား ၁၂၉၅ ဦးအထိရှိလာပြီ ဖြစ်ကြောင်းလည်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – ဒီးမော့ဆိုရှိ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့်စာသင်ကျောင်းတစ်ကျောင်း။
#လေကြောင်းတိုက်ခိုက်ခံရ #စာသင်ကျောင်းပျက်စီး #အရပ်သားသေဆုံး #စစ်တပ် #ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစည်း #Ayeyarwaddy_Times