
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
ရိုဟင်ဂျာ အရပ်သားများကို ကာကွယ်ရန်၊ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အာရက္ခတပ်တော် (AA)နှင့် အရေးပေါ် တွေ့ဆုံဆွေးနွေးရေးကို ရိုဟင်ဂျာ အဖွဲ့အစည်းများက စာထုတ်တောင်းဆိုလိုက်ကြောင်း ယင်းအဖွဲ့များထံက သိရသည်။
ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရိုဟင်ဂျာ အသိုက်အဝိုင်းအား အစုလိုက် အပြုံလိုက် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းစေခြင်းကို ချက်ချင်းရပ်တန့်ရန်လည်း AA အား တိုက်တွန်းကြောင်း ရိုဟင်ဂျာအဖွဲ့အစည်း ၂၈ ဖွဲ့က ယမန်နေ့ မေ ၂၂ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ရှေ့ဆက်ဖို့ကတော့ အကျပ်အတည်းတစ်ခု အားလုံးဝိုင်းဝန်း အဖြေရှာမှသာ အဆင်ပြေမှာပါ။ ကျွန်တော်တို့ဘက်က မီဒီယာတွေမှာလည်း အမြဲပြောနေသလို၊ အခြားလမ်းကြောင်းတွေနဲ့ ကမ်းလှမ်းတာတွေ ရှိပါတယ်” ဟု ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (FRC) ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ AA ခေါင်းဆောင်များနှင့် ရိုဟင်ဂျာ ခေါင်းဆောင်များ အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၉၄ ဖွဲ့တို့ကလည်း သဘောထား ပူးတွဲထုတ်ပြန်၍ တိုက်တွန်း တောင်းဆိုကြောင်း သိရသည်။
၎င်းတို့အနေဖြင့် စိုးရိမ်ချက်များအား အပြုသဘော ထောက်ပြခြင်းဖြစ်သလို အနာဂတ် အာရကန်၏ လူမျိုးစုံ၊ ဘာသာစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် ရေရှည်တည်ငြိမ်မှုကို အထောက်အကူပြုမည့် လုပ်ငန်းစဉ်များအပေါ် အားဖြည့် သွားမည်ဖြစ်ပြီး အာရကန်ဒေသ လွတ်မြောက်ရေးကိုလည်း ဆက်လက်ဝန်းရံ ထောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ထို့အပြင် AA အနေဖြင့် ရခိုင်ဒေသအတွင်း မှီတင်းနေထိုင်နေကြသော ပြည်သူလူထု များကို ကာကွယ်ပေးရန် အထူးတာဝန်ရှိနေသည်ဟု ၁၉၄ ဖွဲ့က ဆိုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အရပ်သားများနှင့် ပြည်သူပိုင် ပစ္စည်းများအား တိုက်ခိုက်ဖျက်ဆီးနေခြင်းကို ရပ်တန့်ရန် တောင်းဆိုနေကြသော အခြားအဖွဲ့အစည်းများနှင့် အတူတကွ ရပ်တည်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရခိုင်ပြည်နယ်တွင် အရှိန်မြင့်လာ သည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာနေမှု သတင်း များကြောင့် လွန်စွာစိုးရိမ်မိကြောင်း မေ ၂၁ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအနေဖြင့် အရပ်သား များကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန်တောင်းဆိုထားသည်။
တွေ့ဆုံဆွေးနွေးရေး ကိစ္စရပ်များ အပါအဝင် လက်ရှိရခိုင်အရေး အခြေအနေနှင့် ပတ်သက်၍ သိရှိမေးမြန်းနိုင်ရန် အာရက္ခတပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဧရာဝတီတိုင်းမ် သတင်းဌာနက အွန်လိုင်းမှတဆင့် ဆက်သွယ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် မေ ၂၀ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် ကျင့်ဝတ်ကို အထူးလိုက်နာကျင့်သုံး၍ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော အရပ်သားပစ်မှတ်များအား မည်သည့်အခါမှ ရည်ရွယ် တိုက်ခိုက်လေ့မရှိကြောင်းဆိုထားသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားနေသော ဒေသများတွင် ဒေသခံ ပြည်သူလူထုများကို လူမျိုးမရွေး၊ ဘာသာမရွေး စစ်ပွဲများ ကင်းလွတ်ရာ နယ်မြေများသို့ အရေးပေါ် ကူညီကယ်ထုတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ၎င်းတို့သည် အမှန်တရားကို လိုလားပြီး မည်သည့်အကြမ်းဖက် လုပ်ရပ်ကိုမဆို ဆန့်ကျင်ကန့်ကွက် ရှုတ်ချ၍ နိုင်ငံတကာ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များ၊ ဘက်မလိုက်သော မည်သည့် အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေကြောင်း ထုတ်ပြန်ပြောကြားထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ” ‘ယေဓမ္မဟေတုပ္ပဘာဝါ’-ကြောင်းကျိုး ဆီလျှော်သော အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာပြောင် တိုက်ကြလေသော ကြောင်သူတော် မိတ်ဆွေတို့အတွက် သင်တို့နှင့် ထိုက်တန်သော နိုင်ငံရေးအနာဂတ်မှာ စံပျော်ရပါစေကြောင်း ဆုတောင်းလိုက်ပါသည်” ဟု သူ၏ Twitter ခေါ် X လူမှုကွန်ရက်တွင် ယမန်နေ့ မေ ၂၂ ရက်နေ့က ရေးသားပြောဆိုထားသည်။
ပုံစာ-ပုံစာ- AA ထိမ်းချုပ်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မူဆလင်များကိုတွေ့ရစဉ်
#လက်ရှိအကျပ်အတည်း #AA #အရေးပေါ်တွေ့ဆုံဆွေးနွေးရေး #ရိုဟင်ဂျာအဖွဲ့အစည်းများ #တောင်းဆို #Ayeyarwaddy_Times