
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၂၃ ရက်
တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ရှိ မြို့အဝင်တံတား စစ်ဆေးရေး ဂိတ်ကို ဝင်ရောင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိကြောင်း ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ဦး ခန့်ရှိသော ကလိန်အောင် မြို့အဝင်တံတား ကင်း စခန်းစစ်ဆေးရေးဂိတ်ကို မေ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် တော်လှန်ရေး ပူးပေါင်း တပ်များကဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီဂိတ်မှာက အင်အား ၁၀ ဦးလောက်ရှိတယ်။ ကင်းစခန်းထဲမှာက ငါး ဦးလောက် နေတယ်။ ကျန်တာက တံတားအောက်မှာ ဆင်းနေနေကြတယ်။ ကျွန်တော်တို့ အနီးကပ် ဝင်ပစ်တယ်။ ကျွန်တော်တောင် ၄၀ မမ အလုံး နှစ်ဆယ်ကျော်နဲ့ ပစ်ခတ်ခဲ့တာ။ စစ်ကောင်စီတပ်သားတွေကလည်း တံတားအောက်ကနေပြီး အပေါ်ကိုလှမ်းပစ်တယ်ဗျ။ အဲ့ဒီဂိတ်ကို ဝင်လုံးဖို့ကို နယ်မြေအနေအထားအရအခွင့်မသာလို့ ပြန်လည်ဆုတ်ခွာ လာတယ်” ဟု ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုလေဗွေ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးကာ သုံးဦးအပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားများရဲ့ အလောင်းတွေကို ကားတွေနဲ့ တပ်ရင်း အတွင်းသို့ သယ်ဆောင်သွားကြောင်း မြို့ခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလိန်အောင်မြို့အဝင် တံတားကင်းစခန်းစစ်ဆေးရေး ဂိတ်တိုက် ခိုက်ခံရပြီးနောက်တံတားကို ပိတ်ချလိုက်ပြီး ယနေ့ မေ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ ခွင့်ရနေပြီဖြစ်ကြောင်း ယာဥ်မောင်း သမားများထံက သိရသည်။
“မနေ့ကတော့ ထားဝယ်ကနေပြီး ကားတောင်မထွက်လိုက်ရဘူး။ တိုက်ပွဲ ဖြစ်နေ တယ်ဆိုလို့။ ဒီနေ့ မှကားဆင်းလာလို့ရတယ်” ဟု ကံပေါက်-ထားဝယ် ယာဥ်လိုင်း ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ကော်သူးလေအာမီ (KTLA) ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (S.B.L) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် မေ ၇ ရက် နှင့် ၈ ရက်နေ့ကလည်း ကလိန်အောင်အခြေစိုက် ခမရ-၄၁၀ တပ်ရင်းမှ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ပုံစာ-ကလိန်အောင် တံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ပြီး အပြန် တော်လှန်ရေးရဲဘော်များကို တွေ့ရစဥ်။
#ကလိန်အောင်မြို့အဝင်တံတား #စစ်ဆေးရေးဂိတ် #ဝင်ရောက်တိုက်ခိုက် #စစ်ကောင်စီတပ်သား၂ဦးသေဆုံး #Ayeyarwaddy_Times