ဧရာဝတီတိုင်းမ်
မေ ၂၃ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း ၄ မိုင် နခခ -၂ ဌာနချုပ်ကို အာရက္ခတပ်တော် (AA) ကသိမ်းပိုက်လိုက်ကြောင်း သိရသည်။

မောင်တောရှိ စစ်ကောင်စီ၏ နခခ-၂ ဌာနချုပ်ကို ယမန်နေ့ မေ ၂၂ရက် ညနေပိုင်းတွင် အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“၄မိုင် နခခ -၂ ဌာနချုပ်ကို မနေ့က ညနေပိုင်းကတည်းကသိမ်းလိုက်တာပါ။ နယ်မြေရှင်းလင်းရေးလည်း လုပ်နေပါတယ်။ အသေရမိတာတွေရှိသလို ထွက်ပြေး သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိပါတယ်” ဟု ရခိုင် စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နခခ ၂ ဌာနချုပ်ကို ပြီးခဲ့သည့် မေ ၂၁ရက်နေ့က AAမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ မြို့သူကြီး နခခ -၅ မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းပိုက်အပြီးတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မောင်တော၌ မောရဝတီဗျူဟာ၊ မြို့သူကြီး နခခ -၅ ရဲတပ်ရင်း၊ အလယ်သံ ကျော်စခန်း၊ အင်းဒင် နခခ-၆၊ မြင်းလွှတ် နခခ-၉ တို့ကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ပုံစာ- နခခ၂ မှသိမ်းဆည်းရမိသည့်လက်နက်အချို့
#မောင်တော #စစ်ကောင်စီ #နခခ၂ဌာနချုပ် #AA #သိမ်းပိုက် #Ayeyarwaddy_Times