ဧရာဝတီတိုင်းမ်
မေ၂၃ ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ် ၊ တောင်ကလေးကျေးရွာအုပ်စုတွင် မေ ၁၉ရက်နေ့ ည ၈နာရီခန့်က စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရကြောင်း သိရသည်။

ပစ်ခတ်ခံရသူမှာ ရဲ၀န်ထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးမြင့်သိန်းဟု သိရှိရပြီး ကျေးရွာတွင် လက်ရှိ အချိန်ထိ စစ်ကောင်စီတပ်နှင့် ရဲများ၏ စေခိုင်းမှုများကို ပြုလုပ်ပေးနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“သူကရဲထွက်ဆိုတော့ ခပ်ရှုပ်ရှုပ် စစ်တပ်နဲ့ရဲ က သူ့ကိုသတင်းပေးပြန်မွေးထားတာ ငွေညှစ်တာတို့ တောတွင်းစစ်ကြောင်းထိုးတာတို့ သူပဲလမ်းပြပေါ့ ကျေးရွာတစ်အုပ်စုလုံးရဲ့ ရွံကြောက်ကြီးပေါ့”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

လက်ရှိတွင် ဦးမြင့်သိန်းသည် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တစ်ချက်ရရှိသွားပြီး သာပေါင်းဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရကာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေနေရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှပြောသည်။

အဆိုပါပစ်ခတ်မှုကိုပုသိမ်ခရိုင်တပ်ရင်း၊ ပုသိမ်ခရိုင်ကွန်မန်ဒိုအဖွဲ့ PDC/ P25501 နှင့် ပုသိမ်ခရိုင်ပကဖအဖွဲ့ က ဧရာဘီလူး စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသတင်းထုတ်ပြန်ထားသည်။

ဦးမြင့်သိန်း သည် တောင်ကလေးကျေးရွာအုပ်စု၊ ဆင်သေမြောင်ရှိ တောတွင်းလုပ်ကိုင်စားသောက်နေသည့် ရွာသူ ရွာသားများအား မတရားငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးရာတွင် လမ်းပြအဖြစ်ကူညီခြင်း၊ ရိက္ခာထောက်ပံ့ပေးခြင်း၊ မတရားစစ်မှုထမ်းဥပဒေဖြင့် ရွာသားများအား ငွေကြေးကောက်ခံခြင်းများကို စစ်ကောင်စီ အလိုကျ ပူးပေါင်းဆောင်ရွက်နေသည့်အတွက် ပစ်ခဲ့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ဦးမြင့်သိန်းထံမှ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ပြီး သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့သော ဖုန်းနှစ်လုံးကို သိမ်းဆည်းခဲ့ကြာင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ပုသိမ်နှင့်သာပေါင်းမြို့မှ စစ်ကောင်စီတပ်သား အင်အား(၈၀) ခန့်နှင့် တောင်ကလေးကျေးရွာအုပ်စု အနီးရှိ သစ်တောများအတွင်း စစ်ကြောင်းထိုးကာ ရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ -သေနတ်နှင့်ပစ်ခတ်ခံရသူ ဦးမြင့်သိန်း

#သာပေါင်းမြို့နယ် #စစ်ကောင်စီသတင်းပေးဆိုသူ #သေနတ်နှင့်ပစ်ခတ်ခံရ #Ayeyarwaddy _ Times