
ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
ပဲခူးတိုင်း၊ ဝေါမြို့၊ မြစ်ကျိုးတိုက်နယ်၊ ဆင်ရွာကျေးရွာတွင် နေထိုင်သူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျုစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီတပ်တို့ပူးပေါင်းကာ စစ်မှုထမ်းမဲပေါက်သူများကို လူစားထိုးပေးမည်ဟုဆိုကာ ကျပ်ငွေ သိန်း၈၀ အထိတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။
ဆင်ရွာကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုကျော်လေး၊ ပျုစောထီး ခေါင်းဆောင် ဦးအောင်စိုးနှင့် ရာအိမ်မှူးမောင်ထွေးတို့သည် ၎င်းကျေးရွာတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်တို့နှင့်အတူ ပူးပေါင်း၍ စစ်မှုထမ်းမဲပေါက်သူများကို ငွေတောင်းယူခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“စစ်တပ်ကလည်း ရွာမှာအခြေချနေကြတယ်။ သူတို့နဲ့ပေါင်း အုပ်ကြီးအဖွဲ့က ငွေတောင်းယူမှုတွေလုပ်တာ။ ဘေးရွာတွေမှာဘာသံမှမကြားရဘူး။ ဆင်ရွာမှာက အတော်ဆိုးတာ။ မဲပေါက်သူတွေကတော့မလိုက်နိုင်ရင် သိန်းဆယ်နဲ့ချီပြီးပေးရတယ်။ ရွာမှာဆိုထွက်ပြေးကြတဲ့လူငယ်တွေလဲမနည်းဘူး။ သူတို့ရန်ကြောက်လို့”ဟု မြစ်ကျိုး တိုက်နယ်အတွင်း နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုကျော်လေး၊ ပျုစောထီးခေါင်းဆောင် ဦးအောင်စိုးနှင့် ရာအိမ်မှူးမောင်ထွေးတို့သည် နိုင်ငံခြားထွက်၍အလုပ် လုပ်ကိုင်နေသည့် လူငယ်များ၏ မိဘများကိုပါ မဲနှိုက်ခိုင်းပြီး စစ်မှုထမ်းမဲပေါက်လျှင် ကျပ်ငွေ သိန်း ၈၀ အထိပေးရန် တောင်းယူခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဒေသခံများကို အဓမ္မခေါ်ယူကာ ပျူစောထီး စစ်သင်တန်းများပေးခဲ့ပြီး သင်တန်းစရိတ်ဟုဆိုကာ တစ်အိမ်လျှင် ကျပ်ငွေ ၅၀၀၀ တောင်းယူ၍ ယခုအခါ စစ်မှုထမ်းမဲမပေါက်သူများကို ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအတွက် ထောက်ပံ့ရန်ဟုဆိုကာ ကျပ်ငွေ ၈၀၀၀ တောင်းယူကြောင်း ဒေသခံများကပြောသည်။
ဝေါမြို့၊ မြစ်ကျိုးတိုက်နယ်အတွင်း ဆင်ရွာကျေးရွာ၊ သုံးခွကျေးရွာ၊ ဂျိုလေးကျေးရွာ၊ လေးအိမ်စုကျေးရွာ၊ ဒနလွန်းကျေးရွာ၊ ဝိုင်းပတ်ကျေးရွာနှင့် ပန်းညိုစု စသည့် ကျေးရွာများရှိသည့်အနက် ဆင်ရွာကျေးရွာတွင်သာ စစ်မှုထမ်းအကြောင်းပြ၍ ယခုလို အဓမ္မငွေတောင်းယူမှုပြုလုပ်ကြောင်း ဒေသခံများက ဆိုသည်။
ထို့နည်းတူ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင်လည်း စစ်မှုထမ်း အကြောင်းပြကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို ခြိမ်းခြောက်ကာ ငွေတောင်းယူမှုများနှင့် စစ်မှုထမ်းရန် ဆန့်ကျင်သူများကိုပါ ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်နေကြောင်းသိရသည်။
ထို့ပြင် မြန်မာပြည်ဒေသအနှံ့အပြား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများက်ို အပတ်စဥ် ၁၊ အပတ်စဥ်၂ တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ အများစု စစ်မှုထမ်းဆောင်ရန် စာရင်းများ ထည့်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
ယခုအပတ်စဉ် (၂) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်လျှက် ရှိကြောင်း သိရသည်။
ပုံစာ-ဆင်ရွာရှိ ပျူစောထီးခေါင်းဆောင် ဦးအောင်စိုး
ဓာတ်ပုံ-ပေးပို့
#ဝေါမြို့ #ကျေးရွာအုပ်အုပ်ချုပ်ရေးမှူးအဖွဲ့ #ပျုစောထီး #စစ်မှုထမ်းမဲပေါက်သူများ #လူစားထိုးပေးမည် #သိန်း၈၀အထိတောင်းယူ #Ayeyarwaddy_Times