
ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများကို အာရက္ခတပ်တော် (AA) က သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ရွှေလှေရွာအနီးတွင် ပြီးခဲ့သည့် မေ ၁၈ရက်နေ့က စစ်ကောင်စီတပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သံတွဲရှိ လင်းသီ၊ ကျောင်းကုန်း၊ ပေါက်တော၊ မန်ကျည်းတောင်ကျေးရွာများမှ စစ်ကောင်စီတပ်များသည် ရွှေလှေကျေးရွာအနီး သူဌေးရေအားလျှပ်စစ်စီမံကိန်း အနီးတွင် တပ်စွဲထားသည့် စစ်စခန်းကို လာရောက်ပူးပေါင်းရာ၌ AA၏ ကြားဖြတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“လင်းသီရွာထဲကနေ ထွက်ပြေးသွားတဲ့တပ်တွေပါ။ အကုန်စုပြီး တဒေး (သူဌေး) စီမံကိန်းက လက်နက်ကြီးတွေပါတပ်ထားတဲ့ ဆီကို သွားပေါင်းဖို့လုပ်တာ။ အဲ့ဒီမှာ အတိုက်ခံလိုက်ရပြီး အခုလိုသေကုန်တာ” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် AA က စစ်ကောင်စီ၏ အလောင်း ၃၀ကျော်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိထားပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များကိုလည်း လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် AA တို့၏ တိုက်ပွဲများသည် သံတွဲမြို့ပေါ်နှင့် နီးကပ်လာပြီ ဖြစ်သည့် အတွက် တိုက်ပွဲနှင့်နီးကပ်သည့်ရွာများမှ ဒေသခံများကို ပြောင်းရွှေ့ကြရန် AA က အသိပေးထားကြောင်းသိရသည်။
သံတွဲမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများမှ ဝန်ထမ်းများသည် ပြီးခဲ့သည့် အပတ်ကပင် သံတွဲမြို့မှ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Daily Voice News
ပုံစာ- AAသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ အလောင်းများ
#သံတွဲ #ရွှေလှေရွာတိုက်ပွဲ #စစ်ကောင်စီ #၃၀ကျော်သေဆုံး #AA #လက်နက်ခဲယမ်းရရှိ #Ayeyarwaddy_Times