
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်
စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှုများ လုပ်ဆောင်နေပြီး အမှတ်စဉ် (၂)တွင် လျာထားချက် မပြည့်မီသဖြင့် ပျက်ကွက်သူများကို အရေးယူသွားမည်ဟု ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ခြိမ်းခြောက်ပြောဆိုလာကြောင်း သိရသည်။
ဘက်ပေါင်းစုံ ရှုံးနိမ့်မှုများနှင့်အတူ တပ်အင်အား အရေးပေါ် လိုအပ်ချက်အား ရင်ဆိုင်နေရသည့် စစ်ခေါင်းဆောင်က အရွယ်ရောက်သူ နိုင်ငံသားတိုင်းမဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းလိုက်ပြီး နည်းပေါင်းစုံဖြင့် တပ်သားသစ်များ စုဆောင်းခဲ့ရာ လက်ရှိတွင် အမှတ်စဉ် (၂) အတွက် စစ်သင်တန်း ပေးနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နှစ်လအတွင်း အမှတ်စဉ် (၁) အတွက် လူငယ် ၅၀၀၀ ဦးဝန်းကျင်ကို တပ်သားသစ် စုဆောင်းနိုင်ခဲ့သော်လည်း ဧပြီလက စတင်ခဲ့သော စစ်မှုထမ်း အမှတ်စဉ် (၂)တွင်မူ လူငယ် ၄,၀၀၀ ဦးခန့်သာ စုဆောင်းရရှိခဲ့ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS)ထံက သိရသည်။
နေပြည်တော်တွင် ယမန်နေ့ မေ ၂၀ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးတွင်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်ရာ၌ ပျက်ကွက်သူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး အမှတ်စဉ် (၃)ကို လျာထားချက် ပြည့်မီအောင် ကြိုတင်ဆောင်ရွက်ထားရန် အဆိုပါအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ၎င်းတို့ဝါဒဖြန့် လက်ကမ်းစာစောင် ၆၈၆,၂၅၀ စောင်၊ Mobile Operator လေးခုမှတစ်ဆင့် Short Message Service (SMS) အစောင်ရေ ၁၃၃ သန်းအား ပြည်သူ့ထံ ပေးပို့ခဲ့သလို စစ်မှုထမ်း နည်းဥပဒေ (စတုတ္ထမူကြမ်း)ကိုလည်း ထပ်မံပြင်ဆင် ဖြည့်စွက်ရေးဆွဲထားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်မှုထမ်းရန် စာရင်းပါသော လူငယ်အများစုသည် နည်းမျိုးစုံဖြင့် ထွက်ပြေးကြသလို တပ်သားသစ် စုဆောင်းမှုများတွင် မပူးပေါင်းလိုသော ရပ်ကျေးအုပ်ချုပ်ရေးမှုများလည်း များပြာလာသောကြောင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၊ ဖိအားပေးမှုနှင့် ပြည်ပထွက်ခွာခွင့် ကန့်သတ်ပိတ်ပင်မှုများကို စစ်ကောင်စီက လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်မှုထမ်းဟောင်းများကို ဖိအားပေး ပြန်လည်ခေါ်ယူမှုများ၊ Non CDM များနှင့်ကျောင်း သားများကိုပါ စာရင်းကောက်ယူ ဖြည့်သွင်းမှုများ လုပ်ဆောင်လာသလို အမှတ်စဉ် (၂) စုဆောင်းမှုတွင် အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်မှုများ ပိုမိုဆိုးဝါးလာခဲ့ပြီး ယင်းကဲ့သို့ စုဆောင်းခံရသူ ၉၀၀ ကျော်ရှိကြောင်း သိရသည်။
ထိုအထဲတွင် မကွေးတိုင်းသည် အတင်းအကျပ်ဖမ်းဆီး စုဆောင်းခံရသူ ၄၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းတွင် ၃၀၀ ကျော်၊ စစ်ကိုင်းတိုင်းတွင် ၁၀၀ ကျော်၊ မွန်နှင့် ရန်ကုန် စသည့်မြို့နယ်ပေါင်း ၂၀ မြို့၌ စစ်ကောင်စီက စုဆောင်းမှုများ ရှိခဲ့သည်ကို သတင်းမီဒီယာများ၌ ဖော်ပြထားသည့် အချက်အလက်များအရ သိရှိရကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS)က ဆိုသည်။
စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ်များကို အဓိကပို့ဆောင်သော သင်တန်းကျောင်း များမှာ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ)များ၊ တပ်မတော်တန်းမြင့် သင်တန်း ကျောင်း (တတက)များအပြင် အမှတ် (၁) အရာခံအကြပ်ကြီး သင်တန်းကျောင်း(ဗထူး) နှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (တကန-ဟိုပုံး)ကျောင်းတို့ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အာဏာသိမ်း စစ်ကောင်စီသည် စစ်မှုထမ်း အမှတ်စဉ် (၂)အတွက် ပထအကြိမ် သင်တန်းကျောင်း ၁၅ ကျောင်းအနက်မှ ၁ဝ ကျောင်းအပါအဝင် နိုင်ငံတစ်ဝန်း၌ သင်တန်းကျောင်းပေါင်း (၁၆) ကျောင်း ဖွင့်လှစ်ခဲ့ပြီး လူငယ် ၄,၀၀၀ ခန့်ကို တပ်သားသစ် စုဆောင်းခဲ့ကာ ယင်းအရေအတွက်သည် ၎င်းတို့သတ်မှတ်သော ပမာဏထက် လျော့နည်းကျဆင်းနေကြောင်း သိရသည်။
သင်တန်းကျောင်းအလိုက် စစ်မှုထမ်းရန် စုဆောင်းခံရသော လူငယ်အရေအတွက်မှာ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ)များဖြစ်သည့် လှည်းကူးရှိ စခတ(၁)တွင် ၂၀၀ ဦးခန့်၊ သပိတ်ကျင်းရှိ စခတ(၂)တွင် ၂၀၀ ဦးခန့်၊ ရမည်းသင်းရှိ စခတ(၃)တွင် ၂၀၀ ဦးခန့်၊ ရေနီ(ရေတာရှည်)ရှိ စခတ(၅)တွင် ၂၄၁ ဦး၊ ဇရစ်ချောင်(သထုံ)ရှိ စခတ(၉)တွင် ၂၅၄ ဦးရှိကြောင်း BACS ၏ အစီရင်ခံစာအရ သိရသည်။
ထို့အပြင် တပ်မတော်တန်းမြင့် သင်တန်းကျောင်း (တတက)များဖြစ်သော တိုက်ကြီးရှိ တတက(၁)တွင် ၂၀၀ ဦးခန့်၊ ကျိုင်းတောင်းရှိ တတက(၃)တွင် ၂၀၀ ဦးဝန်းကျင်၊ သံဖြူဇရပ်ရှိ တတက(၄)တွင် ၁၅၀ ဦးကျော်၊ ကွင်းကောက်(အင်္ဂပူ)ရှိ တတက(၅)တွင် ၂၅၀ ဦးခန့်၊ တန့်ယန်းရှိ တတက(၈) တွင် ၅၀၀ ဦးကျော်၊ ကလေးရှိ တကက(၁၀)တွင် ၂၀၀ ဦးကျော်၊ ကျိုင်းတုံရှိ တကက(၁၁)တွင် ၅၂၈ ဦး၊ ပလောက်ရှိ တတက(၁၂)တွင် ၂၃၀ ဦးခန့်၊ တွင်းငယ်(သပိတ်ကျင်း) ရှိ တတက(၁၃)တွင် ၂၀၀ ဦးခန့်ရှိကြောင်း သိရသည်။
ထို့အတူ အခြားသင်တန်းကျောင်းများဖြစ်သည့် ဗထူးတပ်မြို့ရှိ အမှတ် (၁) အရာခံ အကြပ်ကြီး သင်တန်းကျောင်း (ရကသ-၁)တွင်လည်း လူငယ် ၂၀၀ ဦးခန့်၊ ဟိုပုံးရှိ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (တကန – ဟိုပုံး)တွင်လည်း လူငယ် ၂၀၀ ဦးကျော် ပို့ဆောင်ကာ စစ်သင်တန်းပေးနေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ကောင်စီ #စစ်မှုထမ်းအမှတ်စဉ်၂ #လျာထားချက် #မပြည့်မီ #ပျက်ကွက်သူများ #အရေးယူမည် #ခြိမ်းခြောက် #Ayeyarwaddy_Times