အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဩဂုတ်လ ၇ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ အခြေခံစားသုံးကုန်ပစ္စည်းများ တစ်နေ့ထက်တစ်နေ့ပို ဈေးတက်လာတာကြောင့် လက်လုပ်လက်စားသမားတွေအတွက် စားဝတ်နေရေးအခက်အခဲတွေ ရှိလာပြီး ထမင်း ၁ နပ်လျော့စားရမယ့်အခြေအနေတွေဖြစ်လာတယ်လို့သိရပါတယ်။
အခြေခံစားသုံးကုန်ပစ္စည်းတွေဟာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်းမှာ ဈေးနှစ်ဆမြင့်တက်သွား သလို ဆန်ဈေးနှုန်းမှာလည်း မိုးသုခဆန်ကြမ်းတောင် ၁ အိတ် ၄ သောင်းထိဈေးမြင့်တက်လာတာကြောင့် အခြေခံလူတန်းစားတွေအတွက် မိသားစုစားဝတ်နေရေးအခက်အခဲတွေရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။
“ မိသားစုစားဝတ်နေရေးမနည်းရုန်းကန်နေရတာ စစ်တပ်အာဏာသိမ်းပြီးတော့ ကုန်ဈေးနှုန်းက နှစ်ဆကျော် မြင့်တက်သွားတော့ ထမင်းတနေ့ ၁ နပ်ပဲစားရတော့မလိုဖြစ်နေပြီ”လို့ ကုန်တင်ကုန်ချအလုပ်လုပ်သူ အမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စားသုံးဆီ ဈေးမှာလည်း ၁ ပိဿာကို ၉ ထောင်ကျော်မြင့်တာလာသလို လူသုံးကုန်ပစ္စည်းမှန်သမျှ ဈေး ၂ ဆကျော်မြင့်တက်သွားတာကြောင့် အခြေခံလူတန်းစားတွေအတွက် မိသားစုစားဝတ်နေရေးပိုမိုခက်ခဲလာတာ လို့ ဆိုပါတယ်။
ဒါ့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေမှာ ၂ ဆကျော်မြင့်တက်လာကြောင့် ဈေးဆိုင်ဖွင့် သူတွေအနေနဲ့လည်း အရင်က ၅ သိန်းရင်းရင် ခု ၁၀ သိန်းလောက်ရင်းလာရပြီး ဈေးကတော့ ရောင်းမကောင်း တော့ဘူးလို့ ဈေးဆိုင်ဖွင့်သူတွေက ပြောပါတယ်။
“ ဈေးက ၂ ဆထိုးတက်သွားတာ ဝမ်းတီးနို့ဆီ ၁ ပါကင်ကို ၂၂၀၀၊ စူပါကော်ဖီက ၈၀၀၀၊ နို့မှုန့်က ၆၅၀၀၊ ရှပ်ဘူး ၁ ဘူး ၁၂၀၀ အီလန်ဆပ်ပြာအဆီတောင်ခု ၂၀၀၀ ထိဖြစ်နေပြီ ဈေးတက်လည်း တက်သလိုရောင်းပါတယ် ကျတော့လည်း ကျသလိုရောင်းရတာပေါ့ ဒါပေမယ့် ဈေးတွေတက်သွားပြီးနောက်ပိုင်း အရင်လိုရောင်း မကောင်းဘူး”လို့ ကုန်ခြောက်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်ပြီးနောက်ပိုင်း လူသုံးကုန်ပစ္စည်းတွေအပြင် ဆန်၊ဆီ၊ ဆား အခြေခံစား သုံးကုန်ပစ္စည်းတွေပါ ဈေး ၂ ဆကျော်လောက်မြင့်တက်လာတာကြောင့် လက်လုပ်လက်စားသမားတွေ အတွက် ရေရှည်ရပ်တည်ဖို့ခက်ခဲလာတယ်လို့ သိရပါတယ်။