ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

ဟားငါးကောင်အဖွဲ့မှ လူရွှင်တော် အနုပညာရှင် ဝိုင်းကျော်သည် ယနေ့ မေလ ၂၂ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့ ကြောင်း သိရသည်။

လူရွှင်တော်ဝိုင်းကျော်၏ ငယ်နာမည်အရင်းမှာ ကိုဝေလင်းထွန်းဖြစ်ပြီး နာတာရှည် ရောဂါကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဟားငါးကောင်အဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

“ထိုင်းနိုင်ငံတစ်နေရာမှာ သွားရောက်ဖျော်ဖြေရင်းနဲ့ သူနေမကောင်းဖြစ်တော့ ဘန်ကောက်ဆေးရုံမှာတက်တယ်၊ သူက နာတာရှည်ဂေါရာ ဆိုတော့ အဲ့ဒီကနေ မေလ ဆန်းပိုင်းမှာပဲ မဲဆောက်ဆေးရုံကိုရွှေ့ပြီးကုသခဲ့တယ်။ ဆရာဝန်တွေ ပြောပုံအရ ကျောက်ကပ်နဲ့ အဆုတ်ရောဂါကြောင့်ဆုံးသွားခဲ့တာ။ ဟားငါးကောင်အဖွဲ့အနေနဲ့ သူ့ကိုအကောင်းဆုံးစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့ပါတယ်” ဟု ဟားငါးကောင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကိုဝိုင်းကျော်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေ တစ်နေရာသို့ရောက်ရှိကာ ပြည်သူနှင့်အတူပူးပေါင်းပြီး ဟားငါးကောင်အဖွဲ့နှင့်အတူ တော်လှန်ရေးရန်ပုံငွေအတွက် အငြိမ့်ပွဲများ၊ ရုပ်သံဇာတ်လမ်းတိုများ ရိုက်ကူး တင်ဆက်၍ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့သည့် အနုပညာရှင်တစ်ဦး ဖြစ်သည်။

လူရွှင်တော်ဝိုင်းကျော်(ခ) ကိုဝေလင်းထွန်းသည် အနုပညာလောကထဲကို ၂၀၁၀ တွင်စတင် ရောက်ရှိခဲ့ပြီး ဟားငါးကောင်အဖွဲ့နှင့် ၁၃ နှစ်ကျော်ကြာ လက်တွဲခဲ့သူဖြစ်သည်။

ဓာတ်ပုံ-ဟားငါးကောင်
#ဟားငါးကောင်အဖွဲ့ #ကိုဝိုင်းကျော် #ကွယ်လွန် #Ayeyarwaddy_Times