“လာနီညာလည်း ဖြစ်လာမယ့် အခြေအနေရှိနေတာကြောင့် ရက်ဝေးခန့်မှန်းချက်များအတိုင်း မိုးနှောင်းရာသီနဲ့ မိုးလွန်ရာသီများအတွင်း မြန်မာနိုင်ငံမှာ မိုးများနိုင်ပါတယ်” (ဦးဝင်းနိုင်)
ဧရာ၀တီတိုင်းမ်
မေ ၂၂ ရက်
မြန်မာနိုင်ငံမှာ အပူချိန်လျော့ကျနိုင်မယ့် အချိန်ကာလ၊ မုန်တိုင်းဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးလေဝသဘာသာရပ်ကို လေ့လာနေသူ ဦးဝင်းနိုင်အား ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
ဧရာဝတီတိုင်းမ်။ ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်းကစပြီး အပူချိန်မြင့်တက်တာ တော်တော်ဆိုးဆိုးကို ကြုံခဲ့ရတယ်။ လူသေဆုံးတာတွေဖြစ်တဲ့အထိပေါ့လေ။ အဲ့ဒီတော့ အပူချိန်မြင့်တက်မှုတွေ ဘယ်လ လောက်ကစပြီး လျော့ကျလာနိုင်မလဲ ခင်ဗျာ။
ဦးဝင်းနိုင် – မြန်မာနိုင်ငံရဲ့ မိုးဦးကာလဖြစ်တဲ့ မေလ ၁၆ ရက်မှ ဇွန်လ ၃၀ ရက်အတွင်း၊ မေလ ၂၂-၂၃ ရက်လောက်မှာ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ပြီး ပုံမှန်မုတ်သုံမိုးဝင်လာတဲ့အခါ အပူချိန်တွေ လျော့ကျသွားပါမယ်။
ဧရာဝတီတိုင်းမ်။ ။ဒီနှစ်အတွက် တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်တဲ့ အခြေအနေရော ဘယ်လိုရှိလဲ ခင်ဗျာ။
ဦးဝင်းနိုင်။ ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရွာသွန်းမယ့်အခြေအနေက အနောက်တောင်မုတ်သုံလေရဲ့ အားကောင်းခြင်း၊ အားလျော့ခြင်းတွေပေါ်မူတည်ပြီး ဒေသအလိုက်မိုးအနည်းအများတွေကွာခြားနိုင်ပါမယ်။ ရက်ဝေးကြိုတင်ခန့်မှန်းချက်တွေမှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေက မိုးလယ်ကာလ(ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ)အတွင်းမှာ နှစ်စဉ်ရွာသွန်းမြဲထက်ပိုမိုရွာသွန်းနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတော့ နှစ်စဉ်ရွာသွန်းမြဲထက်လျော့နည်းနေနိုင်မယ်လို ခန့်မှန်းထားပါတယ်။
မိုးလယ်ကာလအဆုံးပိုင်းနဲ့ မိုးနှောင်းကာလ(စက်တင်ဘာ၁ ရက်မှ အောက်တိုဘာ ၁၀ ရက်)အတွင်းမှာတော့ တပြည်လုံးမှာ ရွာသွန်းမြဲထက်ပိုတဲ့ မိုးရေချိန်ကိုရွာသွန်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လာနီညာလည်း ဖြစ်လာမယ့် အခြေအနေရှိနေတာကြောင့် ရက်ဝေးခန့်မှန်းချက်များအတိုင်း မိုးနှောင်းရာသီနဲ့ မိုးလွန်ရာသီများအတွင်း မြန်မာနိုင်ငံမှာ မိုးများနိုင်ပါတယ်။မိုးလွန်ရာသီဆိုတာက အောက်တိုဘာလ ၁၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမ်။ ။ မုန်တိုင်းက ဒီမေလပိုင်းမှာဆို ပုံမှန်ဖြစ်နေတဲ့အခြေအနေတစ်ခုလိုမျိုးဖြစ်နေတာမို့ ဒီနှစ်အတွက် မုန်တိုင်းဖြစ်နိုင်တဲ့အခြေအနေမျိုးတွေ ရှိလာနိုင်သေးလား။
ဦးဝင်းနိုင်။ ။ မိုးဦးကာလ(မေလ ၁၆ ရက်မှ ဇွန်လ ၃၀ရက်)အတွင်းမှာ မုန်တိုင်းဖြစ်နိုင်ခြေတွေရှိပါတယ်။ GTH – Global Tropics and Hazards Outlook – NOAA ထုတ်ပြန်ချက်အရ မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အထိခန့်မှန်းချက်မှာလဲ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်နိုင်ချေဆက်လက်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။
ဧရာဝတီတိုင်းမ်။ ။ တခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး ခင်ဗျာ။
ဦးဝင်းနိုင်။ ။ မြန်မာနိုင်ငံမှာ မိုးလေဝသနဲ့ရာသီဥတုပြောင်းလဲမှုအခြေအနေတွေကို စိတ်ဝင်တစားလေ့လာကြတဲ့ ပြည်သူတွေ နှစ်စဉ်ပိုမိုများပြားလာတာတွေ့ရတဲ့အတွက် အထူးဝမ်းသာပါတယ်။ ဒါကြောင့်လဲ ပြည်သူတွေ မိုးလေဝသနဲ့ရာသီဥတုအခြေအနေများကိုယ်တိုင်လေ့လာဖတ်ရှုနိုင်အောင် MMWeather Knowledge Website တည်ဆောက်ပေးထားပြီး အခုထက်ပိုမိုစုံလင်လာအောင်ရေးသားတင်ပြပေးနိုင်အောင်ကြိုးစားနေပါတယ်။
မိုးလေဝသနဲ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာဗဟုသုတတွေ လေ့လာမှတ်သားနိုင်တာနဲ့အမျှ မြန်မာနိုင်ငံအတွင်း နှစ်စဉ်ဖြစ်ပေါ်တတ်တဲ့ သဘာဝဘေးမျိုးစုံကို ဘယ်လိုကြုံတွေရတတ်တယ်၊ ဘယ်လိုရင်ဆိုင်နိုင်မယ်ဆိုတဲ့ အသိတွေပိုပြီးရရှိလာကြပြီး အသက်အိုးအိမ်နဲ့ပိုင်ဆိုင်မှုများ သဘာဝဘေးကြောင့်ဆုံးရှုံးရတာတွေလဲ လျော့နည်းကျဆင်းလာပါလိမ့်မယ်။
အခုလိုဖြေကြားပေးတဲ့ ဆရာဦးဝင်းနိုင်ကို ကျေးဇူးတင်ပါတယ်။
ဓာတ်ပုံ – ၂၀၂၃ ခုနှစ်၊ မေလတွင်ဝင်ရောက်ခဲ့သည့် မိုခါမုန်တိုင်းအပြီး မြင်တွေ့ရသည့် စစ်တွေမြို့မြင်ကွင်း
#မိုးလေဝသဘာသာရပ်လေ့လာနေသူ #ဦးဝင်းနိုင် #မြန်မာနိုင်ငံ #မိုးဦးမိုးလယ်မိုးနှောင်း #ရာသီဥတု အခြေအနေ #အင်တာဗျူး #Ayeyarwaddy_Times