
ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကုန်းကို PDF တပ်ရင်းများမှ နယ်မြေရှင်းလင်းရေးများလုပ်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးက ယမန်နေ့ မေ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ငလှိုင်တွင်းကျေးရွာအနီးတွင် အခြေချတပ်စွဲထားသည့် အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သားများသည်ပြီးခဲ့သည့် မေ ၈ ရက်နေ့က စခန်းကုန်းကို စွန့်ခွာ၍ ထွက်ပြေးသွားကြကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးသွားသည့် အဆိုပါစခန်းကုန်းကို PDF တပ်ရင်းများမှ မေ ၉ ရက် နေ့တွင် ဝင်ရောက်၍ နယ်မြေရှင်းလင်းရေးများပြု လုပ်ခဲ့ကြသည်ဟု အမှတ် (၁) စစ်ဒေသထံက သိရသည်။
“စခန်းကိုမတိုက်ခင်စွန့်ခွာထွက်ပြေးကြတာပါ။ အကုန်ဖျက်ဆီးထားခဲ့တာမို့ လက်နက်ခဲယမ်းသိမ်း ဆည်းရရှိခြင်းမရှိပါ”ဟု အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးမှ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းစခန်းစွန့်ခွာ၍ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများသည် ကန်ပြားရဲစခန်းသို့ ဆုတ်သွားကြ ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်စွဲထားသည့် အဆိုပါစခန်းကုန်းကို မင်းဘူးခရိုင် အမှတ် (၁) ၊ (၅) တပ်ရင်းများမှ နယ် မြေရှင်း လင်းရေးလုပ်ငန်းစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုံစာ မင်းဘူးခရိုင်တပ်ရင်းမှ နယ်မြေရှင်းလင်းနေစဉ်
#မကွေး #စလင်း #ငလှိုင်တွင်း #စစ်ကောင်စီ #စခန်းကုန်း #စွန့်ခွာထွက်ပြေး #PDF #နယ်မြေရှင်းလင်း #Ayeyarwaddy_Times