ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၂၂ ရက်

တနင်္သာရီ တိုင်း ၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အဝင်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ရဲစခန်းတို့ကို ယနေ့ မေ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။

ကလိန်အောင်မြို့အဝင်တံတား စစ်ကောင်စီ စစ်ဆေးရေး ဂိတ်နှင့် မြို့မရဲစခန်း တို့ကို ယနေ့ မေလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်ခန့်က တစ်ပြိုင်နက်တည်း ပစ်ခတ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းသိရသည်။

“မနက် စောစော ဘုရားရှိခိုးနေတဲ့ အချိန်ပေါ့။ သေနတ်ပစ်ခတ်သံတွေ လက်နက်ကြီး သံတွေရော ဆူညံနေတာပဲ့။ လန့်တောင် လန့်သွားတယ်လေ။ အချက်ရေတော်တော် များတယ်။ လက်နက်ကြီး တွေက စျေးနားတွေမှာလည်းကျတယ်” ဟု ကလိန်အောင်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကလိန်အောင် မြို့အဝင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ရဲစခန်းတို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့်အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့၍ အမှတ် (၃) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းဘေးသို့ ကျရောက်ပေါက် ကွဲခဲ့သော်လည်း နေအိမ်ထိခိုက်မှု မရှိကြောင်း မြိုခံများထံက သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်မှု အခြေအနေအသေးစိတ်ကို သိရှိရခြင်းမရှိသလို မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းက လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း ကလိန်အောင်အခြေစိုက် ခမရ-၄၁၀ တပ်ရင်းက စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က အလစ် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

#ကလိန်အောင် #မြို့အဝင်တံတား #စစ်ဆေးရေးဂိတ် #ရဲစခန်း #တစ်ပြိုင်နက်တည်း #ပစ်ခတ်တိုက်ခိုက်ခံရ #Ayeyarwaddy_Times