
ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော တရားမဝင်အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံ ပြန်ရာတွင် Exit Pass မဖြစ်မနေလျှောက်ထားရန်လိုအပ်ကြောင်း မေ ၂၁ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ သံရုံးက ထုတ်ပြန်သည်။
မလေးရှားအစိုးရက Exit Pass အတွက် ဒဏ်ကြေးငွေလျော့ပေါ့ပေးနေစဉ်အတွင်း မြန်မာသံရုံးမှထုတ် ပေးသော မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ( C of I ) ဖြင့် မလေးရှားလူဝင်မှု ကြီးကြပ်ရေးရုံးများတွင် Exit pass ကို မဖြစ်မနေလျှောက် ထားရန်လိုအပ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါ Exit pass ထုတ်ယူထားပြီးသော မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံမှ မပြန်သေးခင်အချိန်တွင် Operasi (အော်ပရာစီ) ဖမ်းဆီးမှုများ ကြုံတွေ့ရပါက သက်တမ်းရှိ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) သံရုံး၏ C of I စာရွက်၊ လေယာဉ်လက်မှတ်၊ မလေးရှားလူဝင်မှုကြီးကြပ်ရေးတွင် ဒဏ်ကြေးဆောင်ထားသည့် လက်ခံစာရွက်နှင့် မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာခွင့်ပြုသည့် Exit pass စာရွက်စာတမ်းများကို သက်ဆိုင်ရာအရာရှိထံတင်ပြ၍ ဖမ်းဆီးမှုများမှ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးများတွင် ဒဏ်ကြေးငွေ ရင်းဂစ် ၅၀၀ နှင့် Exit passကြေးငွေ ရင်းဂစ် ၁၀၀ တို့ကို ဘဏ်ကတ် (Credit card / Debit card) တို့ဖြင့်သာ ပေးဆောင်ရမည် ဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းနှင့် စစ်မှုထမ်းဥပဒေကြောင့် မလေးရှားနိုင်ငံသို့ အောက်လမ်း (တရားမဝင်လမ်းကြောင်း) မှ အလုပ်လုပ်ရန်ရွှေ့ပြောင်း သွားလာသူများ ပြားနေပြီး တစ်ဦးလျှင် ကုန်ကျစရိတ် ကျပ် သိန်း လေးဆယ်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင်လည်း အထောက်အထားမဲ့ တရားမဝင်နေထိုင်သူများကို အော်ပရာစီ စီမံချက်ဖြင့်နေရာစုံတွင် လိုက်လံဖမ်းဆီးနေပြီး မြန်မာနိုင်ငံသားအများအပြား ဖမ်းဆီးခြင်း ခံထားရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မလေးရှား #အထောက်အထားမဲ့မြန်မာ #တရားမဝင်လုပ်သား #CI #Exitpass #Ayeyarwaddy_Times