ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ကျေးရွာများတွင် ဆိုင်ကယ်များခိုးယူခံနေရကြောင်း ဒေသခံများမှသိရှိရသည်။

“အရင်ကမြို့တွေ ဈေးတို့ လမ်းပေါ်မှာ ရပ်ထားရင်းပျောက်တာ ခုနောက်ပိုင်း ကျေးရွာဘက်တွေမှာ အိမ်နဲ့ခြံတွေအတွင်းထိ၀င်ခိုးတဲ့အထိအတင့်ရဲလာကြတယ်။ ခိုးတဲ့သူတွေကအုပ်စုလိုက် လိုက်ခိုးနေတာတစ်ခါမှမိတယ်မကြားဘူး။ ဆိုင်ကယ်က တရုတ်ဘီးတောင်သိန်း၃၀ကျော်ဖြစ်နေတာ ပြန်မ၀ယ်နိုင်ဘူး”ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ကျေးရွာများတွင် ယခင်က ဆိုင်ကယ်ပျောက်ဆုံးမှု နည်းပါးပြီး ညအချိန်ခြံများအတွင်းသာထားရှိခြင်းကြောင့် ခိုးယူခံရခြင်းဖြစ်ပြီး ကျေးရွာများတွင် ယခုနောက်ပိုင်း နေအိမ်ပေါ် သို့ တင်ထားရကြောင်း သိရသည်။

ဆိုင်ကယ်ပျောက်ဆုံးမှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီးမေလ ၁၅ရက်နေ့က ခိုးယူထားသောဆိုင်ကယ်(၁၂)စီးနှင့် တရားခံအချို့ကို ပုသိမ်နယ်မြေစခန်းက ဖမ်းဆီးရမိထား​သော်လည်းမည်သည့်မြို့နယ်မှ ခိုးယူလာသည်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့နင့်နီးစပ်သူများထံမှသိရှိရသည်။

” ဆိုင်ကယ်သူခိုးမိတာ က နှစ်နှစ်မှတစ်ကြိမ်လောက်မိတာ ပုသိမ်မှာပျောက်တာတစ်လကို အစီး ၂၀လောက်​ပျောက်တာ မိတာတွေက ဆိုင်ကယ်အစုတ်တွေ ချည်းပဲ ကိုယ့်ဆိုင်ကယ်ပါမလားသွားကြည့်ကြတာအချိန်ကုန်တာပဲအဖတ်တင်တယ်”ဟု ဆိုင်ကယ်ပျောက်ဆုံးသွားသူအမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။

ပုသိမ်မြို့နယ်တွင် ဆိုင်ကယ်ခိုးယူခံရသူများအနေနှင့် ရဲတပ်ဖွဲ့ကို တိုင်ကြားသော်လည်း တရားခံဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် ပုသိမ်မြို့ရှိ လူမှုကွန်ယက် facebook groupများတွင် ဆိုင်ကယ်ပုံကိုပြကာ တွေ့ရှိပါက အကြောင်းကြားပေးရန် အကူညီတောင်းခံမှုများပြုလုပ် နေရကြောင်းသိရသည်။

ဓာတ်ပုံ-မေလ ၁၅ရက်နေ့က ပုသိမ်နယ်မြေစခန်းတွင် ဖမ်းမိထားသော ဆိုင်ကယ်များ

#ပုသိမ်မြို့နယ် #ကျေးရွာများ #ဆိုင်ကယ်များခိုးယူခံရ #ပုသိမ်နယ်မြေစခန်း #Ayeyarwaddy_Times