
ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ မေ ၂၀ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ နှစ်ဦးအပါဝင် ဒေသခံ ချင်းအမျိုးသား ကိုးဦးကို အာရက္ခတပ်တော် (AA)မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရှိရသည်။
ပလက်ဝမြို့နယ်၊ ဘောင်ကူးကျေးရွာမှ ချင်းအမျိုးသား သုံးဦးနှင့် ဘောင်ဝီးကျေးရွာမှကျောင်းဆရာ နှစ် ဦးအပါဝင် ချင်းအမျိုးသား (၆)ဦးကို မေလ (၁၇) ရက်နေ့၊ ညနေပိုင်းတွင် အာရက္ခတပ်တော်(AA)၏ ရဲဘော်များက သေနတ်အပြည့်စုံဖြင့် ၎င်းတို့၏ နေအိမ်အသီးသီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“ဘောင်ဝီးရွာနဲ့ ဘောင်ကူးရွာဘက်က ရွာသားတွေ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။အမျိုးသား (၉) ယောက်ကို တစ်ညတည်းနဲ့တပြိုင်နက် အိမ်ထဲဝင်စီးပြီး AA ရဲဘော်တွေက ဝင်ဖမ်းသွားတယ်။ အဲ့ဒီမှာ ကျောင်းဆရာ နှစ်ယောက်လည်း ပါတယ်။ သူတို့တွေကို ဝင်ဖမ်းတုန်းက ယူနီဖောင်း၊ သေနတ်တွေနဲ့ ဝင်ဖမ်းသွားတယ်လို့ သိရတယ်။ ဘာကြောင်းဖမ်းတာလဲ မသိဘူးပေါ့နော်။ အခုထိ ပြန်လွတ်ပေးခြင်း မရှိသေးဘူး” ဟု ပလက်ဝမြို့နယ် လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ချင်းအမျိုးသား ကိုးဦးကို AA မှ မည်သည့်အတွက်ကြောင်း ဖမ်းဆီးခဲ့ကြောင်း မသိရှိရသေးဘဲ ၎င်းတို့သည် ဖမ်းဆီးခံရသည့် နေ့မှစ၍ ယနေ့ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသည့်အပြင် မိသားစုဝင်များနှင့် အဆက်အသွယ်မရသည့်အတွက် အသက်
အန္တရာယ်စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။
ဖမ်းဆီးခံထားရသည့် ချင်းအမျိုးသား ကိုးဦးမှာ ဘောင်ကူးကျေးရွာမှ ဦးကျော်လှ၊ ဦးပျိုလဲ၊ ဦးအောင်ဒိုင်နှင့် ဘောင်ဝီးကျေးရွာမှ ဦးအောင်လင်း၊ ဦးကျော်ဝင်း၊ ဦးအောင်နင်း၊ ဦးကျော်ထွန်း၊ ဦးအောင်မင်း( ကျောင်းဆရာ)နှင့် ဦးအောင်စိုး
( ကျောင်းဆရာ)တို့ ဖြစ်ကြသည်။
မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမဆို အရပ်သား ပြည်သူများ၏ နေအိမ်တွင် ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဝင်ရောက်ဖမ်းဆီးခြင်း မလုပ်ဆောင်သင့်ကြောင်းနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာရက္ခတပ်တော်(AA)သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ခူမီး(ချင်း)ပြည်သူများအပေါ် လူ့အခွင့်ရေး အကြိမ်ကြိမ်ချိုးဖောက်လျက်ရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO) တာဝန်ရှိသူထံက သိရှိရသည်။
“ပလက်ဝမြို့နယ်မှာ ကျောင်းဆရာအပါဝင် ချင်းအမျိုးသား ၉ ဦးကို AA က ဖမ်းသွားတယ်လို့ မိသားစုဝင်တွေ ပြောတာ ကျွန်တော်တို့ တဆင့် သတင်းကြားရတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိတိကျကျတော့ အဆက်သွယ်မလုပ်ရသေးဘူး။ ကျွန်တော်တို့ လူ့အခွင့်ရေးရှူထောင့်ကနေကြည့်မယ်ဆို လက်နက်ကိုင်အဖွဲ့စည်းတစ်ခုကနေ အရပ်သားနေအိမ်ကို တိုက်ခိုက်တာ အတင်းအဓမ္မ ဝင်ဖမ်းတာ လုံးဝ မလုပ်သင့်ဘူးပေါ့နော်။ အရင် ၂၀၁၅ ခုနှစ်ကစပြီး ပလက်ဝမြို့နယ်က ခူမီး(ချင်း)မျိုးနွယ်စုအပေါ် ဖမ်းဆီးတာ သတ်ဖြတ်မှု လုပ်ဆောင်တာတွေ စတဲ့ ဆောရွက်မှုကို AA တွေ လုပ်ဆောင်တာတွေ CHRO အနေနဲ့ အချက်လက် သက်သေနဲ့တကွ ရှိပါတယ်။ ကျွန်တော်တို့လည်း ထုတ်ပြန်တာတွေရှိတယ်။ အခု စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ AA ရဲ့ ခူမီး(ချင်း)တွေအပေါ် လူ့အခွင့်ရေးချိုးဖောက်တာက ပိုပြီး ဆိုးဆိုးဝါးဝါးဖြစ်လာတယ်။”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO) တာဝန်ရှိသူ Salai Mang က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် အာရက္ခတပ်တော်(AA)သည် ပလက်ဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်သူများကို အသွားအလာနေထိုင်ကန့်သတ်ခြင်း၊ ခူမီး(ချင်း)ပြည်သူများအပေါ် စစ်မှုထမ်းရန်တပ်သားသစ်စုဆောင်းခြင်း၊ လုပ်အားပေးစေခိုင်းခြင်းစသည့် လုပ်ဆောင်ခြင်းများကို လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
ယခုကဲ့သို့ ချင်းအမျိုးသား ကိုးဦးဖမ်းဆီးခံရသည့်အခြေအနေနှင့်ဆက်စပ်ပြီး အာရက္ခတပ်တော် AA ဘက်မှ အမြင်သဘောထားကို ဧရာဝတီတိုင်းမ်အနေဖြင့် ဖော်ပြနိုင်ခြင်းမရှိသေးပါ။
#ပလက်ဝမြို့ #ကျောင်းဆရာ၂ဦး #ဒေသခံ #ချင်းအမျိုးသား၉ဦး #AAဖမ်းဆီး #Ayeyarwaddy_Times