နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့ကြိုးပမ်းနေသော အာကာသနည်းပညာကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ရုရှားနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ခေါင်းဆောင်သည် ယမန်နေ့ မေ ၁၉ ရက်က ရန်ကုန်မြို့တွင် ရုရှားနိုင်ငံ၊ Roscosmos State Space Corporation မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Savelyev Sergey Valentinovich နှင့် တွေ့ဆုံ၍ အာကာသ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံမှုတွင် စစ်ခေါင်းဆောင်နှင့်အတူ ဒုဗိုလ်ချုပ်ကြီးများဖြစ်သော ရဲဝင်းဦး၊ ညိုစော၊ စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁)ဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ပါဝင်ခဲ့ပြီး အာကာသ နည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင်စေလွှတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ၂၀၂၂ ၊ ဇူလိုင် ၁၁ ရက်တွင် ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos State Space Corporation သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ ကာ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆွေးနွေးခဲ့သည်။

အလားတူ စစ်ခေါင်းဆောင်သည် ၂၀၂၂ ၊ စက်တင်ဘာ ၉ ရက်ကလည်း ရုရှားနိုင်ငံ၊ Vostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေးစခန်းသို့ သွားရောက်ခဲ့ပြီး နည်းပညာဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် Technical Complex အတွင်းရှိ Rocket တပ်ဆင်ရေးနှင့် ဂြိုလ်တုထုတ်လုပ်ရေး အလုပ်ရုံ အတွင်းသို့လည်း သွားရောက်လေ့လာ၍ Rocket တပ်ဆင်ရေး အလုပ်ရုံအတွင်းရှိ Soyuz-2 ဒုံးပျံရှေ့တွင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

စစ်ခေါင်းဆောင်သည် ယင်းခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ အကူညီတောင်းခံခဲ့ပြီး နှစ်နိုင်ငံ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်များ ဆွေးနွေးခဲ့သည်။

ရုရှားနိုင်ငံ၏ Vostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေးစခန်းကို ၂၀၁၂ ဩဂုတ်တွင် စတင်တည်ထောင်ခဲ့ပြီး ပထမဆုံး အာကာ သယာဉ်ကို ၂၀၁၆ တွင် လွှတ်တင်ကာ လက်ရှိတွင် ၁၁ စင်း လွှတ်တင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-ရန်ကုန်မြို့တွင် ရုရှားနိုင်ငံ၊ Roscosmos State Space Corporation တာဝန်ရှိသူများနှင့် စစ်ခေါင်းဆောင် တွေ့ဆုံစဉ် (၂၀၂၄ ၊ မေ ၁၉ ရက်)
ပုံစာ- ရုရှားနိုင်ငံ၊ Vostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေးစခန်းသို့ စစ်ခေါင်းဆောင် သွားရောက်စဉ်(၂၀၂၂ ၊ စက်တင်ဘာ ၉ ရက်)
#စစ်ခေါင်းဆောင် #အာကာသနည်းပညာကိစ္စ #တိုးမြှင့် #ရုရှားဆွေးနွေး #Ayeyarwaddy_Times