ဧရာဝတီတိုင်းမ်
မေ ၂၀ရက်

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်အောင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေ၍ နိုင်ငံတကာ အကြမ်း ဖက်နှိမ်နင်းရေး အဖွဲ့များနှင့် လက်တွဲဆောင်ရွက်သွားလိုကြောင်း AAက ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲများ၌ RSO၊ ARSA၊ ARA အကြမ်းဖက်အဖွဲ့အစည်းများနှင့် စစ်ရေးအတူပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေပြီး ရခိုင်ဒေသတွင် လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်းဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် အရှိန်အဟုန် မြှင့်ကာ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ယနေ့ မေ ၂၀ရက်နေ့တွင် ထုတ်ပြန်သည့် AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ဘူးသီးတောင်မြို့ကို အကြမ်းဖက် ဖျက်ဆီးထားပြီး AA မှ မီးရှို့ဖျက်ဆီးထားသယောင် သတင်းလွှင့် စွပ်စွဲပြောဆိုမှုများကို တောက်လျှောက် ပြုလုပ်လျက်ရှိသည်။

ယင်းအပြင် ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် RSO၊ ARSA၊ ARA အစရှိသည့် အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်နေသည့် နိုင်ငံ တကာရောက် အရပ်ဖက်အဖွဲ့အစည်းအမည်ခံ အဖွဲ့အစည်းများကလည်း စစ်ကောင်စီနှင့် တူညီစွာပင် ရည်ရွယ်ချက်ရှိရှိ ထုတ် ပြန်ပြောဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း AA ကဆိုသည်။

ထို့သို့ မဟုတ်မမှန် လုပ်ကြံပြောဆိုနေသည့်အဖွဲ့အစည်းများသည် ရခိုင်လူမျိုးများနှင့် ဒေသခံမူဆလင်ပြည်သူလူထုများအကြားတွင် ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားစေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး သတင်းများမှာ မှန်ကန်မှုမရှိကြောင်းနှင့် ထိုသို့ပြောဆို ရေးသားသူများကိုလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း AA ကထုတ်ပြန်သည်။

ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မီဒီယာများအနေဖြင့်လည်း ရခိုင် ဒေသအတွင်း လတ်တလောဖြစ်ပေါ်နေသည့် ပကတိ အမှန်တရားကို ဘက်လိုက်မှုမရှိဘဲ သတင်းကျင့်ဝတ်နှင့်လျော်ညီစွာ သတင်းရယူနိုင်ရေးအတွက် AA မှ လိုလိုလားလား လက်ခံကြိုဆို လျက်ရှိကြောင်း ပြောကြားထားသည်။

ထို့အပြင် မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို ဆန့်ကျင်ကန့်ကွက်ရှုတ်ချသည့်အတွက် နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များနှင့် အတူလက်တွဲပြီး အကြမ်းဖက် တိုက်ဖျက်ရေးလုပ်န်းများတွင် လက်တွဲဆောင်ရွက်၍ရသော ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်ရန် အမြဲအသင့်ရှိသည်ဟုဆိုသည်။

ထို့ကြောင့် ဘူးသီးတောင် မောင်တောဒေသ၏ လက် ရှိ အရေးကိစ္စများနှင့်ပတ်သက်ပြီး AA ကိုမလိုလားသော အဖွဲ့အစည်းများ၊ အုပ်စုများ၏ လုပ်ကြံစွပ်စွဲ ချက်များနှင့် ကွဲလွဲနေသော ပကတိမြေပြင်အမှန်တရားများကို မှန်မှန်ကန်ကန်သိစေရန် AA ထံအချိန် မရွေးဆက်သွယ်နိုင်ကြောင်းဆိုထားသည်။

ထို့အပြင် AA အနေနှင့် ဘက်မလိုက်သည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို အတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk

#ရခိုင် #စစ်ကောင်စီ #လူမျိုးရေး၊ဘာသာရေးအဓိကရုဏ်း #အကြမ်းဖက် #Ayeyarwaddy_Times