ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

ဧရာဝတီတိုင်းဒေသကြီးမှ အခြားပြည်နယ်နှင့် တိုင်းများသို့ ပြောင်းရွှေ့ရသည့် ရဲတပ်ဖွဲ့ဝင်များထဲတွင် ၁ နှစ်အတွင်း သေဆုံးသည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၀၀ ကျော်ထိရှိလာပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ အသိုင်းဝိုင်းမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းရွှေ့ရသည့် ရဲတပ်ဖွဲ့ဝင်များအား ချင်းနှင့် ရခိုင်ပြည်နယ်သို့ အများဆုံးပို့ဆောင်လေ့ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

“ အဓိက စက်ဝိုင်းက ဧရာဝတီတိုင်းက ထွက်ရင် ရခိုင်နဲ့ ချင်းပဲရှိတော့တယ်၊ အဲ့တာအဆုံးဆိုနေရာတွေပဲ။ အာဏာသိမ်းကာစက ရခိုင်က ငြိမ်နေပေမယ့် ခုက ရခိုင်က အကြမ်းဆုံးဖြစ်နေတယ်၊ သေတာလည်း အဲ့မှာအများဆုံးပဲ”ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအရအမည်မဖော်လို့သည် ရဲတပ်ဖွဲ့ဝင်တဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဧရာဝတီတိုင်းမှ အခြားပြည်နယ်နှင့်တိုင်းများသို့ ပြောင်းရွှေ့သွားပြီးနောက် သေဆုံးသူများထဲတွင် ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၀၀ နီးပါးနှင့် ချင်းပြည်နယ်တွင်သေဆုံးသူ ၂၀ ကျော်ရှိလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခုလိုမျိုး ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှုများလာခြင်းဟာ ရဲတပ်ဖွဲ့ဝင်အများစုသည့် တိုက်ပွဲဝင်ဖို့အတွက် အဓိက စစ်ရေးလေ့ကျင့်မှု မရှိဘဲ စစ်သားများနှင့်အတူ စစ်မြေပြင်တွင် လိုက်ပါတိုက်ခိုက်နေရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ဝငင်ဟောင်းများက သုံးသပ်ပြောဆိုသည်။

” ခုက ရဲကပါ ဝင်ပြီး စစ်တိုက်၊ စစ်ကြောင်းထိုးလုပ်နေရတာ။ သိတဲ့အတိုင်း ရခိုင်မှာက လာတိုက်လည်း ကိုယ်ခံရ၊ စစ်ကြောင်းထိုးလည်း ကိုယ်ခံရဖြစ်နေတာ။ အဓိက ပြသနာက ရဲတွေကို သင်တန်းကျောင်းမှာလည်း သေနတ်အဖြုတ်အတက် အဖြစ်သင်ပေးတာနဲ့ စစ်မြေပြင်အတွေ့အကြုံမရှိတာကြောင့်ဖြစ်မယ်”ဟု ရဲတပ်ဖွဲ့ဝင် ၁၀ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ရဲတပ်ဖွဲ့ဝင်သေဆုံးသည့် စာရင်းများသည် နရခဟုလူသိများသည့် နေပြည်တော်ရဲဌာနချုပ်တွင်သာ စာရင်းအတိကျရှိနိုင်ပြီး ၎င်းတို့အနေနှင့် အပတ်စဉ်တူသည့် ရဲတပ်ဖွဲ့ဝင်များသေဆုံးသည့် စာရင်းနှင့် နီးစပ်ရာ တပ်ဖွဲ့ဝင်အချင်းချင်းသေဆုံးသည့် စာရင်းကိုသာ မှတ်သားထားရခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလတွင် ဧရာဝတီတိုင်းမှ ရဲတပ်ဖွဲ့ဝင်အများစုမှ အခြားပြည်နယ်နှင့် တိုင်းများသို့ မပြောင်းရွှေ့ရ ရေးအတွက် ဝန်ထမ်းပြောင်းရွှေ့သည့်ဌာနသို့ လာဘ်ငွေထိုးမှု ၁ ဦးကို ငွေကျပ် သိန်း ၃၀ ကျပ်ထိ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်း ထံမှ သိရသည်။

#တနှစ်အတွင်း #ဧရာဝတီတိုင်း #ပြောင်းရွှေ့သွားသည့် #ရဲတပ်ဖွဲ့ဝင် #၁၀၀ကျော်သေဆုံး
#Ayeyarwaddy_Times