
ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် စစ်မှုထမ်းစာရင်းပါပြီး စစ်မှုထမ်းဆောင်ရန်ဆန္ဒမရှိသူ လူငယ်များ၏ နေအိမ်များမှနေ၍ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ငွေကျပ် သိန်းချီ၍တောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။
မအူပင်မြို့ အမှတ် (၁) ရပ်ကွက်တွင်နေထိုင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် စိုးသည် ရပ်ကွက်ရှိ စစ်မှုထမ်းဆောင်ရန်ဆန္ဒမရှိသူလူငယ်များ၏ နေအိမ်များကို ငွေကြေးများလိုက်လံတောင်းယူခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ပိုက်ဆံရှိတဲ့သူက အကြောင်းမဟုတ်ဘူး။ ပိုက်ဆံမရှိတဲ့သူတွေကြတော့ ပြေးကြရ တာပေါ့။ အိမ်တိုင်းကိုလဲ ပိုက်ဆံကောက်တယ်။ မဲပေါက်ပြီး မလိုက်ချင်တဲ့သူတွေ ကြတော့ ငွေအများကြီးတောင်းတယ်။ တချို့ စစ်မှုမထမ်းချင်လို့ ရှောင်နေကြတဲ့ လူငယ် တွေလဲရှိတယ်”ဟု အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိ အမှတ် (၁)ရပ်ကွက်တွင် တစ်အိမ်ထောင်လျှင် ၁၀,၀၀၀ ပေးနေရသည့်အပြင် စစ်မှုထမ်းစာရင်းပါရှိသည့် လူငယ်များ၏နေအိမ်များအနေဖြင့် အုပ်ချုပ်ရေးမှူးအား ၅၀၀,၀၀၀ ကျပ်၊ ရပ်ကွက်စာရေး ၂၀၀,၀၀၀ကျပ် ၊ စစ်မှုထမ်းစာရင်းလိုက်လံ ကောက်ခံသူကို ၁၀၀,၀၀၀ကျပ် ပေးဆောင်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက ခေါ်ယူခဲ့သည့် စစ်မှုထမ်း အမှတ်စဥ် (၁) တွင် မဲနှိုက်ကာရွေးချယ်ခဲ့သော်လည်း ယခု စစ်မှုထမ်း အမှတ်စဉ် (၂) ဒုတိယအသုတ်အတွက် မဲနှိုက်ရွေးချယ်ခြင်း ပြုလုပ်မည်မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးအဖွဲ့မှ စိတ်ကြိုက်ရွေးချယ် ခေါ်ယူမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် မေ ၁၇ ရက်နေ့ ညဦးပိုင်းကလည်း ဟင်္သာတ မြို့နယ်၊ ကျောင်းကွင်းကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာတို့မှ စစ်မှုမထမ်းလိုသည့် အသက် ၂၃ နှစ်အရွယ်မှ အသက် ၂၈ နှစ်အရွယ်ကြားရှိ လူငယ်ငါးဦးကို နေအိမ်များ အတွင်းဝင်ရောက်၍ ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရသည်။
မြန်မာပြည်ဒေသအနှံ့အပြား စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီး များကို အပတ်စဥ် (၁) ၊ အပတ်စဥ် (၂) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူအများစုကို စစ်မှုထမ်းဆောင်ရန်အတွက် စာရင်းများ သွင်းထားကြောင်း စုံစမ်းသိရှိရသည်။
ယခုအပတ်စဉ် (၂) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ စစ်မှုထမ်းဖောင်များကို ဖြည့်ခိုင်းလျှက် ရှိကြောင်းသိရသည်။
ပုံစာ-အဓမ္မစုဆောင်းခံထားရသည့် စစ်မှုထမ်းအပတ်စဥ် (၁) မှ သင်တန်းသားများ
#မအူပင် #စစ်မှုမထမ်းဆောင် #နေအိမ်များ #ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ #ငွေကျပ်သိန်းချီတောင်းယူ #Ayeyarwaddy_Times