
ဧရာဝတီတိုင်းမ်
မေ ၂၀ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား- ဗန်းမော်လမ်းရှိ ကဇူး စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ အင်အား ၂၀၀ခန့်ရှိသည့် ကဇူးစစ်ကောင်စီတပ်စခန်းကို ယမန်နေ့ မေ ၁၉ရက် ညပိုင်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေသည့် တပ်စခန်းအချို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
“ကဇူးကို ညပိုင်းကရပါတယ်။ လေကြောင်းကလည်း တောက်လျှောက်လာပါတယ်။ ညပိုင်းကပဲ ကဇူးအပြင် ခါးရှီကစခန်းပါရထားတယ်။ နယ်မြေရှင်းလင်းနေပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ကဇူးစစ်စခန်းကို ကာကွယ်ရန်အတွက် ပြီးခဲ့သည့် မေ ၈ ရက်နေ့က မြစ်ကြီးနား- ဗန်းမော် ဒဘက်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကို စစ်ကောင်စီ၏ ရွှေညောင်ပင်အခြေစိုက် ခလရ-၃၂၁ မှလာရောက်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး တံတားတစ်ဘက်ခြမ်းတွင် စစ်ကောင်စီ၏ ကဇူးတပ်စခန်းကြီးရှိကြောင်း သိရသည်။
ကဇူးတပ်စခန်းကို ပြီးခဲ့သည့် မေ ၁၈ရက်နေ့တွင် KIA က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ မေ ၁၉ ရက်နေ့တွင် စခန်းကို ရရှိခဲ့ခြင်းဖြစ်ကာ ကျန်ရှိနေသည့် ရွှေညောင်ပင် ခလရ-၃၂၁ ကို ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း ၁၂ ခုခန့်ကို မေ ၁၈ရက်နှင့် ယမန်နေ့ မေ ၁၉ရက် နေ့တို့တွင် KIA က သိမ်းဆည်းနိုင်ခဲ့ပြီး ယနေ့ မေ ၂၀ ရက်နေ့တွင် ခါးရှီပြည်သူ့ စစ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ဝိုင်းမော်မြို့နယ်ရှိ ကဇူး၊ ဒဘတ်၊ ဆမ်ပိုင်၊ ဂါးရာယန်၊ ခါးရှီ၊ အင်းလေး၊ လိုင်ဖောင်၊ အောင်မြေ-၁၊ အောင်မြေ-၂၊ ဘင့်ပူကောင့်၊ ဝထောင်ဘွမ့်၊ ဒိန်ဂါတပ်စခန်းတို့ကို သိမ်းဆည်းရရှိထားကြောင်း သိရသည်။
ပုံစာ-ကချင်လွတ်လပ်ရေးတပ်မတော် (KIA)
#ဝိုင်းမော် #ကဇူး #စစ်ကောင်စီ #KIA #တပ်စခန်းများသိမ်း #ရွှေညောင်ပင်ခလရ၃၂၁ #ဆက်လက်တိုက်ခိုက် #Ayeyarwaddy_Times