
ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား မကြာသေးမီက သံတမန် ဆက်ဆံရေး တိုးမြှင့်လာမှုနဲ့ပတ်သက်လို့ အလွန် စိုးရိမ်မိတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့် ရှတ်ပ်က ပြောကြားခဲ့ပြီး ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ ဆိုပါတယ်။
“တရုတ်နဲ့ရုရှားကြား ဆက်ဆံရေးတိုးမြှင့်လာတာကို ကျွန်တော် အလွန် စိုးရိမ်မိပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီနှစ်နိုင်ငံစလုံးက ဒီမိုကရေစီကို အယုံအကြည်မရှိလို့ပါ” လို့ ၎င်းက ပြောပါတယ်။
“တရုတ်နဲ့ရုရှားက သူတို့ရဲ့စနစ်ကို ကျန်ရှိတဲ့ကမ္ဘာ့နိုင်ငံတွေဆီ ပျံ့နှံ့လာအောင် ကြိုးစားနေပြီး ဒါဟာ ကျွန်တော်တို့ရဲ့ နေထိုင်မှုဘဝကို တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လို့ ကျွန်တော်တို့ရဲ့မျက်စိ တွေကို ဖွင့်ထားရပါမယ်” လို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ အင်အားအကြီးမားဆုံး ပြိုင်ဘက်နှစ်နိုင်ငံကြား မိတ်ဖက်ဆောင်ရွက်မှုကို ခေတ်သစ်တစ်ခုရောက်အောင် မြှင့်တင်ဖို့ ရှီကျင့်ဖျင်နဲ့ပူတင်က မေလ ၁၆ ရက်မှာ ကတိပြုခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒက ဒေါ်လာအပေါ် ယုံကြည်မှု ထိခိုက်စေပြီး ရုရှားနဲ့ တရုတ်က ခြိမ်းခြောက်မှု အစီအမံတွေရပ်တန့်မယ့် နည်းလမ်းတစ်ရပ် ရှာဖွေမယ်လို့ ပူတင်က ပြောပါ တယ်။
အမေရိကန်နိုင်ငံက ယူကရိန်းနဲ့ပတ်သက်လို့ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး ရုရှား နဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ကူညီပေးနေတဲ့ ပြည်ပဘဏ်တွေအပေါ် ထပ်မံပြီး ဒဏ်ခတ်ပိတ်ဆို့မယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တရုတ်ဘဏ်တွေက ရုရှားကုမ္ပဏီတွေနဲ့ ထိတွေ့ဆက် ဆံမှုတွေ ကန့်သတ်လာခဲ့ပါတယ်။
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်မပြုလျင် ယင်းသို့သော အရေးယူမှုတွေက တရားမဝင်ဘူးလို့ တရုတ်ခရီးစဉ်အတွင်း ရုပ်သံမှတ်ချက်မှာ ပူတင်က ပြောပါတယ်။
“အမေရိကန်တွေဟာ အသိဉာဏ် လုံးဝ မရှိပါဘူး” လို့ ပူတင်က သတင်းထောက်တွေကို ပြောပါ တယ်။
အရေးယူမှုတွေက ဒေါ်လာအပေါ် ယုံကြည်မှုကို ထိခိုက်စေပြီး ကမ္ဘာ့တိုင်းပြည်တွေကို နိုင်ငံခြား အရန်ငွေဝေစု လျှော့နည်းစေလို့ အမေရိကန်နိုင်ငံက ကိုယ်ထိုင်နေတဲ့သစ်ကိုင်းကို လွှနဲ့ဖြတ်နေတာလို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Shapps: Stronger China-Russia ties threaten democracy
#Ayeyarwaddy_Times