ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

ဧရာ၀တီတိုင်း၊ ဒေးဒရဲတံတားစစ်ဆေးရေးဂိတ်တွင် ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများက နေ့စဉ်ဖြတ်သန်းနေသော မော်တော်ယာဥ် များနှင့် ခရီးသည်များအား အကြောင်းအမျိူးမျိုးပြ ငွေတောင်းခံခြင်းနှင့်ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများ နေ့စဥ်ပြုလုပ်နေကြောင်း သိရှိရသည်။

” အဲ့ဂိတ်က အဆိုးဆုံးပဲ ခရီးသည်အကုန်ဆင်းရတယ် မှတ်ပုံတင်မပါတဲ့သူဆို အနည်းဆုံး နှစ်သောင်းတောင်းတယ်။ တစ်ချို့မှတ်ပုံတင် မှာ ရုပ်ဝါးတာတို့ အသက်ကျော်တာတို့ဆို ငါးထောင် တောင်းတယ် အမြဲတမ်း မပေးပဲသွားရတဲ့ကားဆိုတာမရှိတာ အမျိုးမျိုးရစ်နေတာ”ဟု ခရီးသည်တင်ယာဥ်မောင်းတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် မေလ ၅ရက်နေ့က အဆိုပါစစ်ဆေးရေးဂိတ်တွင် ခရီးသည်များကို ငွေကြေးတောင်းခံနေသည်ကို ၀င်ရောက်ပြောဆိုသည့် အမျိုးသမီးတစ်ဦးကို ရဲများက ပါးရိုက်ခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူအမျိုးသမီးမှ အဆင့်ဆင့် တိုင်ကြားသော်လည်း ရဲများကို နေရာချိန်းလိုက်ကာ အရေးယူခြင်းမရှိကြောင်း သိရှိရသည်။

“စစ်ဆေးရေးဂိတ်တွေမှာ ငွေတောင်းတာတင်မဟုတ်ဘူး လက်ထိပ်နောက်ပြန်ခတ်ပြီး အားရအောင်ရိုက်ပြီးပြန်လွှတ်တာတွေ၊ အမျိုးသမီးလေးတွေဆို ဖုန်းနံပါတ်တွေ တောင်းပြီး ညဆိုအကြောင်းမဲ့ ဆက်နေတာတွေ အများကြီးပဲ။ သူတို့တွေ ရှေ့တန်းမှာ တိုက်ပွဲတွေတိုက်ရင် လက်နက်ချရတာနဲ့အလံဖြူထောင်ရတာနဲ့ ခု စစ်ဆေးရေးဂိတ်မှာပြည်သူတွေကို ဆက်ဆံတဲ့မျက်နှာမျိုးမဟုတ်တော့ဘူး “ဟု ဒေးဒရဲဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဒေးဒရဲတံတား သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တို့ကို ဆယ်သွယ်ပေးထားသော ဧရာဝတီမြစ်ကူးတံတား တစ်စင်းဖြစ်ပြီး စစ်ဆေးရေးဂိတ်တွင် ရန်ကုန်နှင့်ဧရာ၀တီမှစစ်ကောင်စီတပ်နှင့်ရဲများ အလှည့်ကျ တာ၀န်ယူနေကြောင်းသိရသည်။

#ဒေးဒရဲ #တံတားဂိတ် #စစ်ကောင်စီတပ် #ခရီးသွားပြည်သူများကို #ငွေတောင်း #ကိုယ်ထိလက်ရောက်ကျူးလွန် #Ayeyarwaddy_Times