မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၆ ရက်

စစ်ကောင်စီသည် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) တို့၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ စစ်ဆင်ရေး “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ရှမ်းမြောက်ရှိ နယ်မြေအားလုံးနီးပါး ဆုံးရှုံးခဲ့ရသည်။

ထိုသို့ဆုံးရှုံးပြီးနောက် လက်ရှိတွင်လည်း ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ဘက်ခြမ်း တစ်ခုလုံးကိုပါ လက်လွှတ်လိုက်ရတော့မည့် အခြေအနေမျိုးရင်ဆိုင်နေရ၍ စစ်ကောင်စီသည် တရုတ်အစိုးရထံ အကူအညီ တောင်းကာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့နှင့် အပစ်အခတ် ရပ်စဲရန် ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ မတ် ၁ ရက်နေ့အထိ တွေ့ဆုံခဲ့ပြီး စတုတ္ထအကြိမ်မြောက် ညှိနှိုင်းမှုကို ပြုလုပ်လာသည်။

လောက်ကိုင်ရှိ စစ်ကောင်စီ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)သည် ဇန်နဝါရီ ၅ ရက်နေ့တွင် လက်နက်ချပြီးနောက် ညီနောင်မဟာမိတ် အဖွဲ့သည် အရှေ့‌မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ရုံးစိုက်ရာ လားရှိုးကို စစ်ရေးဦးတည်လာသည့်အတွက် နယ်မြေစိုးမိုးမှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် တတိယကြိမ်မြောက်ဆွေးနွေးပွဲကို တရုတ်၏ အကူအညီဖြင့် အလျင်အမြန် လုပ်ဆောင်ခဲ့ရသည်။

တတိယအကြိမ် ဟိုင်ဂင် ဆွေးနွေးပွဲ မတိုင်ခင် ဆွေးနွေးမှုများတွင် စစ်ကောင်စီ၏ တောင်းဆိုချက်များနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ ရည်ရွယ်ချက်များ မကိုက်ညီသည့် အတွက် ဆွေးနွေးပွဲများ ပျက်ခဲ့ရပြီး တရုတ်၏ မငြင်းပယ်နိုင်သည့် ဖိအားပေး တောင်းဆိုမှုများကြောင့်သာ ဆွေးနွေးပွဲ သဘောတူ ညီချက်များကို လက်ခံ လိုက်ရသည်ဟု ညီနောင် မဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

လောက်ကိုင် ဒကစမှ လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် ရှမ်းမြောက် တစ်ခုလုံးရှိ တပ်ရင်းတပ်ဖွဲ့ အင်အားစုများ စစ်ရှောင်ရန်ရောက်ရှိနေသည့် တပ်မိသားစုဝင်များကို လားရှိုးတွင် ရှိနေစေကာ လားရှိုးကို မဆုတ်တမ်း ခံစစ်ပြင်ပြီးနောက် စစ်ကောင်စီက ဟိုင်ဂင် တတိယအကြိမ် ဆွေးနွေးပွဲကို အပူးတပြင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တတိယ အကြိမ် ဟိုင်ဂင်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့ပြီး အဓိကအချက်ကြီး သုံးချက်ဖြစ်သည့်
(၁) ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီမှစ၍ နှစ်ဘက်တပ်များ ချက်ချင်း အပစ်ရပ်စဲရန်၊
(၂) နှစ်ဖက်တပ်ဖွဲ့ဝင် အချင်းချင်းကြားတွင် ပစ်ခတ် တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရန်၊
(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ၊ ပစ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့် ဖြေရှင်းရန် စသည့်အချက်များ သဘောတူညီခဲ့ကြသည်။

ထို့ပြင် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန်၊ ချက်ချင်း အပစ်ရပ်စဲရေး ဆိုင်ရာအစီအမံနှင့် အခြား ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန်လည်း ညှိနှိုင်းခဲ့ကြသည်။

သဘောတူညီချက်များတွင် မြောက်ပိုင်း အဖွဲ့များ အနေဖြင့် ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ဗျူဟာ ကုန်းများအား ထိုးစစ်ဆင် တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သတ်မှတ်ထားပြီး စစ်ကောင်စီ အနေနှင့်လည်း ရှမ်းမြောက်ရှိ မြောက်ပိုင်း မဟာမိတ်တို့ ထိန်းချုပ် သိမ်းပိုက်ထားသော နေရာများအားလုံးကိုလေကြောင်း တိုက်ခိုက်မှု၊လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှု မလုပ်ရန်ဆိုသည့်အချက်ကို သဘောတူညီချက်တွင် အရေးတကြီး ထည့်သွင်း ထားသည်။

တရုတ် – မြန်မာ အရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက “မြန်မာပြည်ရဲ့ပြည်တွင်း စစ်ဟာ တတ်နိုင်သမျှ ဘေးကနိုင်ငံတွေကပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ကုလသမဂ္ဂအဖွဲ့ အစည်းတွေကပဲ ဖြစ်ဖြစ် ဝိုင်းဝန်း ဖြေရှင်းပေးသင့်တယ်။ ပြည်တွင်းစစ်ကြီးဟာ အနှစ် ၆၀၊ ၇၀ဖြစ်နေတာ။ တိုင်းပြည်က မကြာခင် ကျဆုံးနိုင်ငံ ဖြစ်တော့မယ်။ သူတစ်နိုင်ငံတည်း ကျဆုံးမှာမဟုတ်ဘဲ ကျန်တဲ့နိုင်ငံတွေကိုပါ ဆွဲခေါ်သွားမှာ။ ဒါကြောင့်မို့ မြန်မာပြည်တွင်းစစ် ငြိမ်းအောင် တတ်နိုင်သမျှဝိုင်းကူညီပေးသင့်တယ်”ဟု ပြောသည်။

🟥စစ်ကောင်စီကတရုတ်ကိုဘာတွေလိုက်လျောလိုက်ရလဲ

မဟာမိတ်အဖွဲ့သည် တတိယအကြိမ်မြောက် ဟိုင်ဂင် သဘောတူညီချက် နှင့်အတူ ရှမ်းမြောက် ထိုးစစ်များ ရပ်လိုက်ပြီးနောက် စစ်ကောင်စီက ဇန်နဝါရီ ၃၀ ရက်နေ့တွင် တရုတ်အစိုးရ အလိုရှိနေသည့် ကိုးကန့်ဒေသ ပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ရသည်။

စစ်ကောင်စီက ၎င်းတို့နှင့် ဆယ်စုနှစ် တစ်ခုကြာ လက်တွဲခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင် ကိုးကန့်ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို တရုတ်အစိုးရ ကိုယ်တိုင် စစ်ကောင်စီ ရုံးစိုက်ရာနေပြည်တော်သို့ ဝင်ရောက် ဖမ်းဆီးခွင့်ပြုခဲ့သည်။

ယင်းသို့ ဝင်ရောက်ဖမ်းဆီးခွင့်မပြုခင် စစ်ကောင်စီက ၎င်းတို့ အကျိုးစီးပွားကို ထောက်ပံ့ပေးနေသည့်ပယ်ဆောက်ချိန် နှင့် အပေါင်းအပါအဖွဲ့ကို လောက်ကိုင်မှ လားရှိုးသို့ ခေါ်ယူခဲ့ပြီး ထိုမှတဆင့်နေပြည်တော်သို့ ခေါ်ယူ ထားခြင်း ဖြစ်သည်။

ပယ်ဆောက်ချိန် ခေါင်းဆောင်သည့် ခေါင်းဆောင် ခြောက် ဦးဖြစ်သည့် ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လီယိုကျန့်ရှန်၊လီယို ကျန့်မောက်၊ ရွှီလောက်ဖာ တို့သည် ၂၀၀၉ ခုနှစ် မှစ၍ ယခု ၂၀၂၄ ခုနှစ်အထိ စစ်ကောင်စီနှင့်လက်တွဲကာ ကိုးကန့်နှင့် တရုတ်ဒေသအတွင်း ကျားဖြန့်လုပ်ငန်း၊ အွန်လိုင်း ငွေလိမ်လည်မှု လုပ်ငန်းများနှင့်လူကုန် ကူးမှု လုပ်ငန်းများကို လုပ်ဆောင်ကာ စစ်ကောင်စီကို အဓိက ငွေကြေး ရှာဖွေပေးနေသူများ ဖြစ်သည်။

ဒုတိယအကြိမ်မြောက် ဟိုင်ဂင် သဘောတူညီချက် ဆွေးနွေးမှုတွင် နှစ်ဖက်အပစ်အခတ်ရပ်စဲမှု ရလဒ် ထွက်မလာသော်လည်း စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိကျောက်ဖြူ ရေနက်ဆိပ်ကမ်း လုပ်ငန်း လုပ်ပိုင်ခွင့်အား တရုတ် အစိုးရကို အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းအထိပါဝင်ခွင့်ပြုခဲ့ရသည်။

🟥စစ်ကောင်စီက သဘောတူညီချက်များကို ကတိ မတည်ခဲ့

တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုနှင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် အကြိမ်ကြိမ် ဆွေးနွေးခဲ့သည့် ဟိုင်ဂင်အပစ်ခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် စတုတ္ထအကြိမ်ထိ ဖြစ်လာရခြင်းမှာ စစ်ကောင်စီ၏ ကတိဖောက်ဖျက်မှုများနှင့် သက်ဆိုင်ကြောင်း ညိနောင်မဟာမိတ်အဖွဲ့က ဆိုထားသည်။

“သဘောတူညီချက်တွေကို ဘယ်ဘက်ကမှ ထုတ်ဖော်မပြောပါဘူး ဆိုတဲ့ သဘောတူညီချက် တစ်ချက်ပါ ဝင်တယ်။ ကောလာဟလတွေ အပြင်ကို ပေါက်ကြားတယ်ဆိုတာ စစ်ကောင်စီဘက်ကပဲ ထွက်ပေါ် လာပြီး သူတို့ဘက်ကပဲ ပေါက်ကြားလာတာပါ”ဟု ရက္ခိုင်တပ်တော် (AA) ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က မတ် ၄ ရက်နေ့က ပြုလုပ်သည့် AA ၏ သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီနှင့် ရခိုင်ဒေသအတွင်း အပစ်ခတ်ရပ် စဲမည်ဆိုသည့် သတင်းများထွက်ပေါ်လာသည့်အပေါ် AA ၏ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒေါက်တာညိုထွန်းအောင်က ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စတုတ္ထအကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲရလဒ်များ ကို နှစ်ဖက်စလုံး ထုတ်ဖော်ပြောဆိုခြင်း မပြုရန် သဘောတူညီခဲ့သော်လည်း ထွက်ပေါ်လာသည့် အချို့အချက်များမှာ မှန်ကန်မှုရှိပြီး တ၇ုတ်မြန်မာနယ်နယ် ကုန်သွယ်ဂိတ်များမှ ရရှိသည့် ငွေဝင်ခွန် ၇၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း အချိုးချခြင်းသည် ကောလာဟလသာ ဖြစ်ကြောင်းအပစ်ရပ်ထားသည့် နှစ်ဖက် အဖွဲ့အစည်းမှ အတည်ပြုပြောဆိုထားသည်။

စတုတ္ထအကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲအရ သဘောတူညီချက်သည့် အချက်များတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကိုရှမ်းပြည်နယ် ကိုးကန့် အထူးဒေသ၏ တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ ညီနောင်သုံးဖွဲ့သိမ်းယူထားသည့်နယ်မြေများနှင့် မြို့များကို ၎င်းတို့ အပိုင်အဖြစ်လည်းကောင်း စစ်ကောင်စီက အသိအမှတ်ပြုပေးခဲ့ရသည်။

ထို့ပြင် နှစ်ဖက်တပ်ဖွဲ့ဝင်များ အနေဖြင့် သဘောတူညီထားသည့် နယ်မြေများမှ ရှေ့ဆက်မတိုးဘဲ တပ်ချင်းခွာထားရန် သဘောတူခဲ့ကြကြောင်း မဟာမိတ် အဖွဲ့၏ ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တပ်ဖွဲ့တို့အနေဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှု မှန်သမျှကို ရှောင်ရှား၍ ကာကွယ် စောင့်ရှောက်ရန်နှင့် ချင်းရွှေဟော်တွင် စစ်ကောင်စီ၏ အကောက်ခွန်၊ ကုန်စည် စစ်ဆေးရေး၊ လူဝင်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး ကိုးကန့်အဖွဲ့အစည်းများကိုလည်း ထားရှိကာပူးတွဲ လုပ်ကိုင်မည် ဟု ဆိုသည်။

အဆိုပါ အချက်များကိုမူ နှစ်ဖက်လုံးမှ ငြင်းဆိုခြင်း မရှိခဲ့ပေ။

အခြေခံ သဘောတူညီချက်ဖြစ်သည့် သဘောတူညီချက်များကို ပြင်ပသို့ ထုတ်ဖော် မပြောရေးဆိုသည့်အချက်ကိုပင် ကတိတည်ခြင်း မရှိသည့် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရန် သဘောတူညီပြီးနောက်တွင်လည်း ဇန်နဝါရီ ၁၁ ရက်နေ့ နောက်ပိုင်းမှစပြီး လား ရှိုး၊ ကျောက်မဲ၊ သီပေါမြို့များရှိစစ်ကောင်စီတပ်များက TNLA တပ်ဖွဲ့ တည်ရှိသည်ဟု ထင်ရသည့် နယ်မြေများကို လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

🟥စတုတ္ထအကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီပြီးနောက် စစ်ကောင်စီ ဘာတွေ ဆက်လုပ်နေလဲ

စစ်ကောင်စီနှင့် ညီနောင် မဟာမိတ် နှစ်ဖက်တပ်ဖွဲ့များ အနေဖြင့် ရောက်ရှိနေသည့် နေရာမှနေ၍ တပ်များရှေ့ဆက် မတိုးရန် သဘောတူညီမှု ယူထားသော်လည်း TNLA သိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေများ ဖြစ်သည့် မိုင်းလုံ၊ မိုင်းငေါ့ မြို့များသို့ စစ်ကောင်စီ တပ်များ ဖြန့်ကျက်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ထို့ပြင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရုံး စိုက်ပြီး ၎င်းတို့အုပ်ချုပ်ရေး ခိုင်မြဲနေသည့် လားရှိုးမြို့တွင်လည်းမဆုတ်တမ်း ခံစစ်ပြင်ဆင်ထားကာ တပ်ရင်း၊ တပ်ဖွဲ့များ၏ အရှေ့နှင့် ပတ်ဝန်းကျင် တဝိုက်တွင်လည်းမြေမြှုပ်မိုင်း၊ နင်းမိုင်းများ အပြည့် ခင်းကျင်း ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ဖြင့် နယ်မြေများ ပေးထားရသော်လည်း မတ်လ ၄ ရက်နေ့တွင် TNLA ထိန်းချုပ်ရာ နယ်မြေဖြစ်သည့် မန်တုံ၊ နမ္မတူ နှင့် နမ့်ဆန်မြို့ သုံးမြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

ယင်းကြေညာချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ လုပ်ရပ်သည် ပြည်သူများအား ခြိမ်းခြောက်သည့်လုပ်ရပ်ဖြစ်ပြီး ဟိုင်ဂင် သဘောတူညီချက်ကို အခက်အခဲ ဖြစ်စေနိုင်ကြောင်း ညီနောင် မဟာမိတ်သုံးဖွဲ့ကမတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

🟥စစ်ကောင်စီကဆွေးနွေးပွဲဖြစ်ရေး တရုတ်ကို အပူကပ်ဦးမှာလား

လက်ရှိတွင်ဟိုင်ဂင် ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည် MNDAA နှင့် TNLA တို့သည့် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း AA နှင့် စစ်ကောင်စီတပ်များသည် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။

ရက္ခိုင့်တပ်တော် (AA) က ၎င်းတို့ အခြေ စိုက်ရာရခိုင် ပြည်နယ်ရှိ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲမြို့ပေါင်း ခုနစ်မြို့အပြင် ချင်းပြည်နယ်ရှိ ပလက်၀ နှင့် ဆမီး မြို့နှစ်မြို့ကိုပါ သိမ်းဆည်းထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသေးသည့် မြို့များကိုလည်း ဆက်လက် ထိုးစစ်ဆင်ကာ တိုက်ခိုက် သွားမည်ဟု AA က တရားဝင် ထုတ်ပြန်ထားသည်။

“ဟိုင်ဂင်သဘောတူဆွေး‌နွေးချက်က ရှမ်းမြောက်ကိစ္စပါ။ ရှမ်းမြောက်နဲ့ပဲ ပတ်သက်တယ်။ ရခိုင်မှာတော့ စစ်ရေးက တွေ့မြင်နေတဲ့အတိုင်းပါပဲ။ သဘောတူညီချက်က ရှမ်းမြောက်က AA နဲ့ပဲဆိုင်တယ်။ ရခိုင်က AA နဲ့မဆိုင်ပါဘူး”ဟု မတ် ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကတရားဝင် ထုတ်ဖော်ပြောကြားသည်။

စစ်ကောင်စီအနေဖြင့် မရှုမလှ စစ်ရှုံးကာ ထိုသို့ ခေါင်းခဲစရာ ကိစ္စများတွေကြုံနေချိန်ရတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စတင်၍ ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများစတင်လာခဲ့သည်။

ထိုးစစ်ဆင်သည့် ၁၀ ရက်တာကာလအတွင်း ကချင်ပြည်နယ် ခမ်းကိုင်တောင်ရှိ စစ်ကောင်စီ၏ ခလရ-၁၄၂၊ ခရာဘွမ်၊ လဂတ်တောင်၊ မလိယာန် ခလရ-၄၆၊ ပန်စွန်၊ ဂေါက်ငူကောင်၊ မလိယာန်ပင်မတပ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ တာပိန်မြစ်တံတားစခန်း၊ ဘွမ်ရယ်တောင်၊ ရှဒန်ပါ၊ ကတ်စဲန်ကောင်၊ ခဂျလု၊ မြို့သစ်တံတားစောင့်တပ်စခန်း၊ မြို့သစ်တံတားကာကင်း၊ နမ့်ဖတ်ခတံတားစောင့် တပ်စခန်း၊ တာမခန် ခမရ ၁၁၉၊ ခရာဘွမ်ကာကင်း သုံးခုနှင့် နောင်ရာဇင်ခန်စသည့် စစ်ကောင်စီ၏ စခန်းပေါင်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီဖြစ်သည်။

နယ်မြေအမြောက်အများ ဆုံးရှုံးကာ နလန်ထူရန်ပင် မလွယ်တော့သည့် စစ်ရှုံး စစ်ကောင်စီသည် တိုက်ပွဲနှင့်သက်ဆိုင်ခြင်း မရှိသည့် ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်ရှိ ပြည်သူများနေထိုင်သည့် နေရာများကို လေကြောင်းမှ တိုက်ခိုက်ခြင်း၊ တရုတ်နယ်စပ်ဘက်မှပတ်၍ ပျံသန်းခြင်းများ ပြုလုပ်နေပြီး တိုက်ပွဲများရပ်တန့်စေရန်အတွက် တရုတ်အစိုးရ၏ ဖိအားပေးမှုကို ဦးတည်လျက်ရှိနေသည်။

စစ်ကောင်စီသည် ရှမ်းမြောက်တိုက်ပွဲများတွင် တရုတ်၏ကြားဝင် စေ့စပ်ပေးမှုကို “ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လုပ်ဆောင်ပေးနေတဲ့တရုတ် နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”ဟု လည်းကောင်း၊ “တရုတ်-မြန်မာနှစ်နိုင်ငံလုံးနှင့်သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာ အစိုးရအနေနဲ့ အလေးထား ကာကွယ် ဆက်လက်ဆောင်ရွက်သွားမယ်” ဟု လည်းကောင်း ထုတ်ဖော် ပြောကြားထားသည်။

တရုတ် – မြန်မာ အရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကမူ “ဇော်မင်းထွန်းတို့ကတော့ တရုတ်နိုင်ငံကို ကျေးဇူး တင်တယ် လုပ်ရမှာပေါ့၊ သူတို့မျက်နှာလေးတွေကို ဆယ်ပေးထားတာကို။ ကုန်သွယ်ရေး ကိစ္စတွေပါ ပါလာတာကတော့ တရုတ်ပါဝင်တဲ့ အာဆက်လို့ ခေါ်တဲ့ လွတ်လပ်တဲ့ကုန်သွယ် ရေးမှာ ဗမာပြည် ပါဝင်လာဖို့ လုပ်ပေးနေတာပေါ့နော်”ဟု ဆိုသည်။

ရက္ခိုင်တပ်တော် (AA) က ရခိုင်ပြည်နယ် တိုက်ပွဲများသည် ဟိုင်ဂင်သဘောတူညီမှု စာချုပ်နှင့် ဆက်စပ်မှုမရှိကြောင်း ဆိုထားသလို တရုတ်နှင့် နယ်နမိတ် ဆက်စပ်မှုရှိသည့် KIA တိုက်ပွဲများသည်လည်း ဟိုင်ဂင်စာချုပ်နှင့် သက်ဆိုင်ခြင်းမရှိပေ။

သို့သော်လည်း တရုတ်၏ ဩဇာအာဏာ သက်ရောက်မှု အချို့ ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအပေါ် ဟိုင်ဂင် ဆွေးနွေးမှု ကဲ့သို့ တရုတ်၏ စေ့စပ်ဆွေးနွေးမှုများ ဆက်လက်ရှိနေမည်လား ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

လက်ရှိ မှန်ကန်နေသည် အချက်တစ်ချက်အနေဖြင့် စစ်ကောင်စီသည် တရုတ်ကို အပူကပ်နေရသော်လည်း စစ်ရေးအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှုံးနိမ့်နေပြီဖြစ်သည်။

#တရုတ်ကိုအပူကပ် #စစ်ရေးရှုံးနိမ့်နေဆဲ #စစ်ကောင်စီ #သတင်းဆောင်းပါး #Ayeyarwaddy_Times