
ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ မေ ၁၉ ရက်
ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ မြို့မ ရဲစခန်းနှင့် တပ်စခန်းအပါဝင် ကျီးခါးမြို့ကို တိုက်ခိုက် သိမ်းပိုက်ရရှိထားကြောင်း Chinland Defense Force -Hualngoram တာဝန်ရှိသူထံက သိရှိရသည်။
တွန်းဇံမြို့နယ်ရှိ ကျီးခါးမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သော ချင်းလဲန်းကာကွယ်ရေးပူးပေါင်းတပ်တို့မှ မေ ၁၅ ရက်နေ့တွင် စတင်၍ တိုက်ခိုက်ခဲ့ပြီး ယနေ့ မေလ ၁၉ ရက်နေ့ မွန်းလွဲ(၁) နာရီဝန်းကျင်တွင် မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။
ထို့အပြင် တွန်းဇံမြို့အနီးရှိ စစ်ကောင်စီ၏ နက်ဇံ တပ်စခန်းကို ယမန်နေ့ မေလ ၁၇ ရက်နေ့တွင် သိမ်းပိုက်ရရှိပြီး တွန်းဇံမြို့မ ရဲစခန်းကို ယနေ့ မေလ ၁၈ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်တွင် ထပ်မံ သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။
“ကျီခါးမြို့တော့ သိမ်းပြီ။ တွန်းဇံမြို့မ ရဲစခန်း နဲ့ တပ်စခန်းလည်း သိမ်းပြီ။ ဒါပေမယ့် စစ်ကောင်စီ နဲ့ အပေါင်းအပါ Zomi Revolution Army(ZRA) တွေ မြို့ထဲတစ်နေရာမှာ တောင့်ခံထားနေတာကြောင့် အပြည့်အ၀မသိမ်းပိုက်နိုင်သေးဘူး။”ဟုCDF-Hualngoram ၏ တာဝန်ရှိသူ Pu Lalvenpuia က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဇီုမီးတော်လှန်ရေးတပ်(ZRA)သည် စစ်ကောင်စီနှင့် ပူးပေါင်း၍ စစ်တိုက်ပေးခြင်းနှင့် ပတ်သက်ပြီးဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါ တိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်ကျဆုံးများရှိပြီး CDF-Hualngoram ရဲဘော်Lalhmangaihzauva (၂၆) နှစ် ကျဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် တွန်းဇံမြို့မ ရဲစခန်း၊ နက်ဇံ တပ်စခန်းနှင့် ကျီးခါးမြို့သိမ်း တိုက်ပွဲမှ သိမ်းဆည်ရမိသည့် လက်နက်ခဲယမ်းများနှင့် စစ်သုံးပန်အချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း CDF-Hualngoram တာဝန်ရှိသူထံက သိရှိရသည်။
“စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရတဲ့ လက်နက်ခဲယမ်းတွေ၊ စစ်သုံးပန်တွေ ဖမ်းဆီးတာရှိတယ်။ အသေးစိတ်တော့ မသိရသေးဘူး။”ဟုCDF-Hualngoram ၏ တာဝန်ရှိသူ Pu Lalvenpuia က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တွန်းဇံမြို့ တိုက်ပွဲတွင် မြို့ပေါ် ရပ်ကွက် နှစ်ခုနှင့် ကျေးရွာ (၁၅) ရွာခန့်မှ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် (၅၀၀၀) နီးပါးရှိကြောင်းနှင့် မေလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ နက်ဇံ တပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင်း နက်ဇံဘုရားကျောင်းရှေ့တွင် ကျရောက်ပေါက်ကွဲကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးထံက သိရှိရသည်။
တွန်းဇံမြို့တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်(CNA)ဦးဆောင်ပြီး CDF-Tonzang, CDF-Thantlang, PDA-Tedim, CDF CDM-Siyin, CDF-Hualngoram, CDF-Hakha, CDF-Zanniatram, CDF-Matupi နှင့် အခြား ချင်းကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#တွန်းဇံမြို့ #မြို့မရဲစခန်း #တပ်စခန်းအပါဝင် #ကျီးခါးမြို့ကို #သိမ်းပိုက်ရရှိ #Ayeyarwaddy_Times