
ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ ယမန်နေ့(မေ၁၈) ကစပြီး စားအုန်းဆီ ဝင်ရောက်မှုရပ်တန့်သွားခဲ့၍ ဆီပြတ်တောက်နေကာ လူတစ်ဦးလျှင် ဆီတစ်ပိဿာဝန်းကျင်သာ မြို့နယ်သမဝါယမအဖွဲ့မှဝယ်ယူခွင့်ကန့်သတ်ထားကြောင်း ဒေသခံများထံကသိရသည်။
စားအုန်းဆီအရောင်းဆိုင်များတွင် ရန်ကုန်မြို့မှတဆင့် စားအုန်းဆီများတင်ပို့လာမှုရပ်တန့်သွားခဲ့၍ ဒေသခံများမှာဆီပြတ်လပ်မှုဖြင့်ရင်ဆိုင်နေရကြောင်း မြို့ခံများထံကသိရသည်။
“ စားအုန်းဆီတွေပြတ်တယ်ဆိုပြီးဒီနေ့အထိလိုသလောက်ဝယ်မရတော့ဘူး။ ရန်ကုန်ကနေဆီတွေဝင်လာတာ လောလောဆယ်ရပ်သွားတယ်လို့သိရတယ်။မြို့ထဲကဆိုင်တိုင်းမှာကို ဝယ်မရတော့တာ”ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့စားသုံးဆီပြတ်တောက်ခဲ့မှုကြောင့် မြို့နယ်သမဝါယမအဖွဲ့မှ စားအုန်းဆီများကို တစ်ပိဿာလျှင်၈၆၀၀ကျပ်(ပြင်ပပေါက်ဈေး)သတ်မှတ်ကာ လူတစ်ဦးလျှင်တစ်ပိဿာအဖြစ်အကန့်အသတ်သာဝယ်ယူခွင့်ရကြောင်းဒေသခံများထံကသိရသည်။
“စားအုန်းဆီကကိုယ့်သဘောနဲ့ကိုယ်ဝယ်မရတော့ဘူး။ အခု တစ်ပိဿာကို ၈၆၀၀ကျပ်နဲ့ဝယ်နေရတယ်။အဲတာကလည်းမြို့နယ်သမဝါယမအဖွဲ့နဲ့ဆက်စပ်တဲ့သူဆီကပဲဝယ်ရတာ။ ပြီးတော့တစ်ယောက်ကိုတစ်ပိဿာပဲဝယ်လို့ရတယ်။ တစ်ပိဿာနဲ့ကဘာသုံးလို့ရမှာလဲ။ဘယ်လိုမှအဆင်မပြေဘူး”ဟု မြို့ခံအိမ်ထောင်ရှင်မတစ်ဦးကဆိုသည်။
အလားတူရေကြည်မြို့နယ်နှင့်ထိစပ်သည့် ငါးသိုင်းချာင်းမြို့နယ်တွင်လည်း မြို့တွင်းရပ်ကွက်နေရာများတွင် ယမန်နေ့ကစပြီး စားအုန်းဆီများဝင်ရောက်မှုရပ်တန့်သည်ဟုဆိုကာ ဆီပြတ်တောက်နေပြီး မှောင်ခိုဈေးကွက်အနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ၁၂၀၀၀ကျပ်ဝန်းကျင်အထိမြို့နယ်သမဝါယမအဖွဲ့မှ ရောင်းချနေကြောင်းမြို့ခံများထံကသိရသည်။
#ရေကြည် #စားအုန်းဆီပြတ် #တစ်ဦးလျှင်တစ်ပိဿာ #မြို့နယ်သမဝါယမအဖွဲ့ #ဝယ်ယူခွင့်ကန့်သတ် #Ayeyarwaddy_Times