
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မေ ၁၉ ရက်
ကရင်နီပြည်နယ်တွင် နေထိုင်သူများနှင့် ဒေသတွင်း ကရင်နီပြည်နယ်ဖွား တိုင်းရင်းသားလူငယ်များအတွက် ပထမဆုံး ကရင်နီဆေးကောလိပ်ကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဆေးကောလိပ်ဝင်ခွင့်စာမေးပွဲ လူတွေ့စစ်ဆေးမှုကို ပြီးခဲ့သည့် မေ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်နီဆေးကောလိပ်ကို ဖွင့်လှစ်နိုင်ရန်အတွက် တစ်နှစ်ခွဲကျော် အချိန်ယူပြင်ဆင်ခဲ့ရပြီး ယခုစတင်ဖွင့်လှစ်မည့် ဆေးကောလိပ်တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ လာရောက်ဖြေဆိုသူ ၄၀ ဦးရှိကာ မိန်းကလေး ၃၄ ဦး နှင့် ယောကျာ်းလေး လေး ဦး ဖြစ်ပြီး ၎င်းတို့အနက် အယောက် ၃၀ ဝန်းကျင်ကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူ့စွမ်းအားအရင်းအမြစ်နည်းပါးသော ဒေသဖြစ်သည့် ကရင်နီပြည်နယ်ကို အခြေပြုကာ တည်ထောင်ဖွင့်လှစ်သည့် ဆေးကောလိပ်ဖြစ်သည့်အတွက် ကရင်နီ ပြည်ဖွား တိုင်းရင်းသားများတက်ရောက်ပညာသင်ကြားနိုင်ရန်အတွက် အဓိက ရည်ရွယ် ကြောင်း သိရသည်။
“ကျွန်တော်တို့တွေ ကျောင်းတွေသွားတဲ့အခါမှာ ကရင်နီမှာ အရမ်းတော်ကြတဲ့ ကလေးတွေကိုတွေ့ရတယ်။ ဒါလွန်ခဲ့တဲ့ နှစ်နှစ်ကပေါ့နော်။ အဲ့ဒီအချိန်မှာ ဘာကောလိပ် တက္ကသိုလ်တစ်ခုမှမပေါ်သေးဘူး။ ဒီလိုကလေးတွေ ဒီပညာရေးတွေပြီးသွားရင် ဒီထဲမှာ ဆရာဝန်ဖြစ်ချင်တဲ့ကလေးတွေ ပါကောင်းပါနိုင်တယ်။ သူတို့တွေဆက်သွားဖို့ကဘာမှ မရှိတော့ဘူး လမ်းဆုံးသွားပြီလို့ခံစားမိတယ်။ တော်တဲ့ကလေးတွေကို မြေတောင် မြှောက်ပေးဖို့ ဆက်လက်ပြီးတော့ပညာသင်ဖို့အခွင့်အလမ်းတွေရဖို့ အဆင့်မြင့် တက္ကသိုလ် တစ်ခုရှိသင့်တဲ့ ရည်ရွယ်ချက်အရဆေးကောလိပ်ကို ဖွင့်လှစ်ဖို့ကြိုးစား ခဲ့ကြတာ”ဟု ကရင်နီဆေးကောလိပ်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မျိုးခန့်ကိုကို က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆေးကောလိပ် တက်ရောက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် ဝင်ခွင့်ဖြေဆိုနိုင်ရန် စည်းကမ်းချက်များမှာ ကရင်နီပြည်ဖွားတိုင်းရင်းသားများ၊ ကရင်နီပြည် တော်လှန်ရေး အတွင်း ထဲထဲဝင်ဝင်ပါဝင်သူများ၊ ဒေသခံမဟုတ်သော်လည်း ကရင်နီပြည်တွင် သုံးနှစ် နှင့်အထက်နေထိုင်သူများ ပါဝင်လျှောက် ထားခွင့်ရှိကြောင်း သိရသည်။
ကရင်နီဆေးကောလိပ်သို့ တက်ရောက်ရခွင့်ရ၍ ဆရာဝန်ဘွဲ့ရရှိ သူများသည် ကရင်နီ ပြည်နယ်တွင် သုံးနှစ်တာဝန်ထမ်းဆောင်၍ ပြည်နယ်ကို ပြန်လည်အကျိုးပြုရ မည်ဖြစ်ကြောင်း ကရင်နီဆေးကောလိပ်ဖြစ်မြောက်ရေး ကော်မတီထံက သိရသည်။
ဝင်ခွင့်ဖြေဆိုသူများကို အသက် ၁၇ မှ ၃၀ နှစ် အတွင်း သက်မှတ်ထားပြီး ပညာရေးအနေဖြင့် NUG နှင့် အရပ်သား အစိုးရလက်ထက် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကိုသာလက်ခံပေးပြီး စစ်ကောင်စီ တက္ကသိုလ်ဝင်တန်းအောင်များနှင့် Non CDM ကျောင်းသားများကိုမူ လုံးဝလက်ခံခြင်းမည် မဟုတ်ကြောင်း သိရသည်။
“ကြားကာလ သို့မဟုတ် တော်လှန်ရေးအလွန်ကာလမှာတော့ ဆေးကောလိပ်ကို ပြီးဆုံးအောင်တက်ရောက်နိုင်သူဖြစ်ရပါမယ်။ လမ်းတစ်၀က်မှာ ထွက်မယ်ဆိုရင် တစ်ကယ်တက်ချင်တယ့်သူတွေ နစ်နာမှာဖြစ်တယ်။ တော်လှန်ရေးအတွက် တော်လှန်နေသူ တစ်ယောက်ချင်းဆီကနေ လှူဒါန်းထားတဲ့ငွေတွေနဲ့ ဖွင့်လှစ်ထားတဲ့ အတွက် အလဟဿ မဖြစ်အောင် အဆုံးထိတက်ပြီးတော့ ဒီပြည်နယ်ကို၊ တော်လှန်ရေးကို အကျိုးပြုပေးရမှာ ဖြစ်ပါတယ်။ တစ်၀က်တစ်ပျက်မှာ ထွက်မယ်ဆိုရင် ကုန်ကျခဲ့တဲ့ ကုန်ကျစရိတ်တွေအတိုင်း လျော်ကြေးပြန်ပေးရမှာဖြစ်ပါတယ်။ နစ်နာ သွားတဲ့ အရာတွေနဲ့ သူ့နေရာမှာ တက်လာမယ့် နောက်လူတွေအတွက်ကို ပြန်ပြီး ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးခန့်ကိုကိုက ဆက်လက်ပြောကြား သည်။
ဆေးကောလိပ်ဖြစ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန် ကြီးဌာန(NUG ၊ MOE) ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) နှင့် ကရင်နီဆရာဝန်များအစည်းအရုံး (KMC) တို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ဆေးပညာနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များကလည်း သင်ရိးညွှန်းတန်းများ၊ ငွေကြေး အကူအညီများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယခုဖွင့်လှစ်မည့် ကရင်နီဆေးကောလိပ်မှာ ဖက်ဒရယ်မူအရ ကရင်နီ ပြည်ကြားကာလ အုပ် ချုပ်ရေးကောင်စီ(IEC)နှင့် MOU ရေးထိုးထားကာ ကိုယ် ပိုင်စီမံ ပိုင်ခွင့်(Autonomy)ရ အဆင့်မြင့်တက္ကသိုလ် အနေဖြင့် ရပ်တည်မည်ဖြစ်ကြောင်း ဒေါက်တာမျိုးခန့်ကိုကိုထံက သိရသည်။
ကရင်နီဆေးကောလိပ်ကို တော်လှန်ရေးကာလအလွန်တွင် ပြည်သူက ရွေး ကောက် တင်မြှောက်ထားသည့် အစိုးရ၏ ပညာရေးဌာနအောက်၌ အဆင့်မြင့်တက္ကသိုလ် တစ်ခုအနေဖြင့် ဆက်လက် လည်ပတ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဒေါက်တာမျိုးခန့်ကိုကို
ပုံစာ – ဝင်ခွင့်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများ။
#ကရင်နီ #ကရင်နီဆေးကောလိပ် #စတင်ဖွင့်လှစ် #ဝင်ခွင့်စာမေးပွဲ #ဝင်ရောက်ဖြေဆို #Ayeyarwaddy_Times