
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေ ၁၉ ရက်)
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် နဲ့ ဖြစ်တည်မှုတွေကို စော်ကားပြီး ပြောဆိုတဲ့ စကားလုံး အသုံးအနှုန်းတွေကို ရယ်စရာ ဖြစ်စေဖို့ တမင်တကာ လုပ်ယူထားတဲ့ အငြိမ့် ပြက်လုံးတွေ၊ မြန်မာပေါကားလို့သတ်မှတ်ကြတဲ့ ဇာတ်ကားတွေ၊ လူမှုကွန်ရက် စာမျက်နှာတွေကနေ ဇာတ်လမ်းတိုရိုက်ပြီး ငွေရှာသူတွေအချို့နဲ့ တမင်တကာ ရည်ရွယ်ချက်ရှိရှိသီဆိုတဲ့ သီချင်းတွေအချို့မှာ ပုံဖော်သုံးစွဲလေ့ရှိတာကို တွေ့ရပါတယ်။
နောက်ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ “သွားခေါမ” “လင်ကွဲမ” “ငါးဖောင်ရိုးမ” “ဖက်တီးမ” “အသားမည်းမ” “ရုပ်ဆိုးမ” “အစစ်မ” “အခြောက်မ” “သောက်ဂျပု” “ယောက်ျားမစစ်ကောင်” “ဘောပြား” “မှန်ကြောင်” “အရိုးပိန်ကောင်” စတဲ့ စကားလုံးတွေနဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုကို ကဲ့ရဲ့တတ်ကြသလို တင် ၊ ရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ စတာတွေကို လည်း ထိပါးပြီး မကြားဝံ့ မနာသာ ပြောဆို တတ်ကြပါတယ်။
အဲ့ဒီလို စကားလုံးအသုံးအနှုန်းနဲ့ ပြောဆိုမှုတွေဟာ မြင်ကြားနေရသူကော အပြောခံရ သူတွေအတွက်ပါ အဆင်ပြေစေတဲ့ အရာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လူ့အသိုက်အဝန်းက အဲ့ဒီလို အဆိပ်အတောက်စကားလုံးတွေကို လက်ခံပြီး ပြောဆိုနေကြတာကို စိတ်မကောင်းဖွယ်တွေ့မြင်ရပါတယ်။လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုများ
ဘတ်စ်ကား လူကြပ်တဲ့ အချိန်တွေ၊ ပွဲစျေးတန်းတွေ၊ လူစည်ကားရာနေရာတွေမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကိုင်တွယ် အမြတ်ထုတ်ကြတာတွေ၊ လက်သရမ်းသူတွေ ကြောင့်လည်း နစ်နာရတဲ့ အမျိုးသမီးများစွာ ရှိနေပါတယ်။
အမျိုးသားအများစု ထိုင်လေ့ရှိတဲ့ လမ်းဘေးအရက်ဆိုင်၊ လမ်းဘေးလက်ဖက်ရည်ဆိုင် စတဲ့နေရာတွေ ရှေ့ကနေ အမျိုးသမီးတွေ ဖြတ်လျှောက်တဲ့အခါမှာလည်း ထိကပါး ရိကပါးပြောဆိုခြင်း၊ ကာယိန္ဒြေ ထိခိုက်အောင် ပြောဆိုခြင်းတွေ ပြုမူလုပ်ဆောင်တတ်တာမို့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးကာ ထိခိုက်နစ်နာရပါတယ်။
ကာယိန္ဒြေထိခိုက်စေရန်ရည်ရွယ်ချက်နဲ့ တစ်ဖက်လူအလိုမတူဘဲ စိတ်အနှောင့် အယှက်ဖြစ်စေရန် လိင်အသားပေးစကားတွေ ပြောဆိုခြင်း၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ လမ်းလျှောက်ပုံ၊ နေပုံထိုင်ပုံများ ဝတ်စားဆင်ယင်ပုံတွေကို ရာဂစိတ်ဖြင့်ကြည့်ရှုခြင်း၊ ပြောဆိုခြင်း၊ ထိကပါးရိကပါးပြုလုပ်ခြင်း ကာယကံမြောက်ကျူး လွန်ခြင်း နှင့် မဖွယ်မရာလျှို့ဝှက်ထားအပ်သော မိမိအင်္ဂါ အစိတ်အပိုင်းများပြပြီး လူတစ်ဖက်သားကိုနှောက်ယှက်ခြင်းတွေကိုလည်း လူ့အသိုင်းဝန်းက ပြုမူတတ်ကြပါတယ်။
လိင်ပိုင်းဆိုင်ရာအလိုမတူဘဲ မူဒိန်းမှုကျူးလွန်သည့်အဆင့်ထိ ထပ်တိုးကာ ကာယိန္ဒြေကိုလည်း ဖျက်ဆီးတတ်ကြပါတယ်။
အနှောက်အယှက်ခံရသူ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း ခံရသူတွေဟာ အမျိုးသမီး အများစုဖြစ်ကြပေမယ့် အမျိုးသားတွေလည်း ကျူးလွန်ခြင်းခံရတတ်ပါတယ်။ LGBTQ ဆိုတဲ့ လိင်စိတ် စုံလိင်တိမ်း ညွှတ်ကြသူတွေလည်း ဖြစ်နိုင်ပါတယ်။
အဲ့ဒီလို ကျူးလွန်ခံရတဲ့အခါ ကျူးလွန်ခံ ရတဲ့သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် ဆေးကုသပေးဖို့လိုအပ်ပါတယ်။
သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေအတွက်လည်း မေ့ထားလို့မရပါဘူး။ ခံရသူကိုပင် အပြစ် တင် ပြောဆိုကြတဲ့ လူမှုပတ်ဝန်းကျင်ကိုလည်း အသိပညာပေး ပြောင်းလဲပစ်ဖို့လို ပါတယ်။
ကျူးလွန်ခြင်းကို ခံစားခဲ့ရတဲ့သူတွေဟာ အပြစ်မရှိပါဘဲ ကဲ့ရဲ့ရှုံ့ချခံရခြင်း၊ ဝေဖန် တိုက်ခိုက်ကြခြင်း တွေနဲ့ကြုံတွေ့ရပြီး တစ်သက်တာ အရှုံးသမားလို ဖယ်ကျဥ် ခံထားရပါတယ်။ သူတို့ရဲ့ စိတ် အခြေအနေကို ပိုမိုဆိုးရွားလာစေတဲ့အခါ သေကြောင်းကြံစည်တဲ့အထိပြုလုပ်တတ်ကြပြီး ဘဝကိုအဆုံးသတ်ပစ်လိုက်ကြပါတယ်။
လူမှုပတ်ဝန်းကျင်ရဲ့ မှားယွင်းစွာ ဝေဖန်အပြစ်တင်ကြခြင်းကြောင့် မတရားခံရပြီး သေဆုံးရသူတွေ ထပ်မတိုးလာအောင် လိင်ပိုင်းဆိုင်ရာ ကျူလွန်စော်ကားခြင်းခံခဲ့ ရသူတွေကို စာနာပေးရပါမယ်။ နားလည်ဖို့ကြိုးစား ကြရမှာဖြစ်ပါတယ်။လိင်ထိပါးနှောက်ယှက်ခြင်းကျူးလွန်သူ
လိင်ထိပါးနှောက်ယှက် ကျူးလွန်သူဟာ မိသားစုဝင်လည်းဖြစ်နိုင်ပါတယ်။ မိဘ၊ ဆွေမျိုးမောင်နှမ၊ အဘိုး၊ ဘကြီး၊ ဦးလေး၊ အိမ်နီးနားချင်းတွေသာမက အိမ်ထောင်ဘက်လည်းဖြစ်နိုင်ပါတယ်။
ဘာသာရေးခေါင်းဆောင်တွေလည်းကျူးလွန်ကြပါတယ်။ ဆရာ၊ ဆရာမများသည်လည်း ကျူးလွန်သူများဖြစ်နေတတ်ပါတယ်။ သူငယ်ချင်းတွေသာမက လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်များလည်း လိင်ပိုင်းဆိုင်ရာထိပါနှောင့်ယှက်သူတွေဖြစ်နိုင်ပါတယ်။
အမျိုးသားတွေက ကျူးလွန်သူတွေပဲ ဖြစ်တယ်လို့လည်း အပြစ်ဖို့ မနေသင့်ပါဘူး။ အမျိုးသမီးတွေနဲ့ LGBTQ တွေဟာလည်း ကျူးလွန်ပါတယ်။ လူတိုင်းလူတိုင်း လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုကို ကျူးလွန်သူဖြစ်နိုင်တယ်ဆိုတာ မေ့မထားသင့်ပါဘူး။သတိထားဆင်ခြင်ရမည့် ကိုယ်နှုတ်အမူအရာများ
ဒါကြောင့် စကားပြောတိုင်းဆင်ခြင်ပါ။ မိမိပြောစကားကြောင့် တစ်ဖက်သားနစ်နာ ခံစားသွားနိုင် တယ်ဆိုတာသတိပြုပါ။ လူတစ်ယောက် ငှက်ပျောသီးစားနေတာကိုတောင် ယောကျာ်းသံပြုပြီး “တအားအား” အော်ကာ နှောင့်ယှက်စော်ကားခြင်းသည်ပင် ရွံရှာဖွယ် ဖြစ်ကြောင်းအားလုံးက လက်ခံထားရပါမယ်။
ခန္ဓာကိုယ်ဖွံ့ဖွံ့ထွားထွား အမျိုးသမီးငယ်လေးတွေ လမ်းလျှောက်သွားတာကို ကြည့်ပြီး “တင်ပါးလေးလှုပ်တာလေးကိုကြည့်ပြီးကိုယ်စွဲ၊ ရင်သားလေး လုပ်တာလေးကို ကြည့်ပြီး ကိုယ်စွဲ” ဆိုပြီးသီဆိုတာ၊ အဖြူအစိမ်းဝတ်ထားတဲ့ ဆရာမလေး ဖြတ်သွားတဲ့အခါ “သဒ္ဓါကပိုသည် ဆရာမကိုပဲအသည်းဆွဲအောင်ချစ်မိပြီ” စသည့်ဖြင့် စောင်းမြောင်း သီဆိုခြင်းတွေသည်ပင် ကာယိန္ဒြေထိခိုက်စေတာမို့ လူမှုပတ်ဝန်းကျင်က လက်ခံခြင်းမပြုဘဲ နစ်နာသူကို ကာကွယ်ကြဖို့ ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။
အစနောက်ခံရမည်ကို စိုးရိမ်၍ အိမ်အပြင်ကိုပင် မထွက်ဝံ့လောက်အောင် ရှက်ကြောက် သွားကြသူများအတွက် အမျိုးသမီးအခွင့်အရေးပြန်ရဖို့ ကာကွယ်ပေးရပါမယ်။
ကျွန်တော်တို့ မြန်မာတွေဟာ မုဒိန်းမှုဖြစ်ပွားခဲ့ရင်တောင် ပြုကျင့်ခံရသူကို အပြစ် ပြောတတ်တဲ့ အကျင့်ဆိုးတစ်ခုရှိနေ တတ်ကြပါတယ်။အဝတ်အစားအတိုအပြတ်ဝတ်လို့၊ လုံလုံခြုံခြုံမဝတ်လို့ စတဲ့ ခေါင်းစဉ်တပ်ပြီး ကျူးလွန်သူ မုဒိန်းကောင်ဘက်က ရပ်တည်ကာ ကျူးလွန်ခံရသူအမျိုးသမီးကို မကောင်းမြင်ခြင်းတွေ ရပ်တန့်ရပါမယ်။
ဝတ်စားဆင်ယင်ခြင်းနှင့် လိင်အမြတ်ထုတ်မှုဟာ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ရေကူး ဝတ်စုံ ဘီကနီဝတ်ဝတ်၊ ရင်ဖုံးနဲ့လုံခြည်ဝတ်ဝတ် သူတပါး ဆန္ဒမပါဘဲ ကျူးလွန်သူ မုဒိန်းသမားမှာသာ အပြစ်ရှိပါသည်။စစ်ကောင်စီတပ်နှင့်လိင်အမြတ်ထုတ်မှုများ
လူအခွင့်အရေးအမြဲတမ်းချိုးဖောက်နေတဲ့ စစ်တပ်အတွင်းမှာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေဖြစ်ပေါ်နေပေမယ့် ဒါဟာ အစဉ်အဆက်ဓလေ့တစ်ခုလို ဖြစ်နေပါတယ်။ မဟာဖိုဝါဒတည်ဆောက်ထားပြီး လူမဆန်တဲ့စိတ်တွေကို စစ်တက္ကသိုလ်တွေ၊ စစ်သား စုဆောင်းစခန်းတွေကနေ သင်ကြားလေ့ကျင့်ပေးလိုက်ပါတယ်။
သံမဏိစည်းကမ်းများဟု အကြောင်းပြပြီး ကြီးနိုင်ငယ်ညှင်း ယောကျာ်းလေး အချင်းချင်း တပ်အတွင်း လိင်အမြတ်ထုတ်ကြပါတယ်။
ရပ်ရွာထဲကိုဝင်ပါက လက်နက်ပြ ရမ်းကားခြင်း မိန်းမပျိုများကို မိသားစုဝင် များရှေ့တွင်ပင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်း သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းတွေကိုလည်း လူမဆန်စွာပြုလုပ်တတ်ပါတယ်။
စစ်တပ်ရဲ့ စစ်ကြောရေးအမည်ခံထားတဲ့ လူ့ငရဲမှာလည်း လိင်စော်ကားမှုတွေကို ပျော်ပျော်ကြီး ကျူးလွန်နေကြပါတယ်။ တပ်အတွင်းမှာလည်း ရာထူးအလိုက် တပ်မိသားစုအချင်းချင်း ဖိနှိပ်ခြင်း၊ စော်ကားခြင်း၊ လိင်အမြတ်ထုတ်ခြင်းတွေကို ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ပင် ကျူးလွန်နေကြပါတယ်။မိဘဆိုဆုံးမမှု
အမျိုးသမီး၊ အမျိုးသား၊ LGBTQ စတဲ့သူတွေ တန်းတူညီမျှအခွင့်အရေးရရှိဖို့ မိဘများရဲ့ ဆုံးမသွန်သင်ခြင်းကစတင်ပြီး အရေးကြီးပါတယ်။
သမီးမိန်းကလေးများကို ဗိုင်းကောင်းကျောက်ဖိ ငြိမ်ဝပ်ပိပြားစွာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်နေမယ့်အစား သားယောကျ်ားလေးတွေကို လူကြီးလူကောင်းဆန်ဆန်ပြုမူဖို့နဲ့ အမျိုးသမီးများအပေါ် လေးလေးစားစားဆက်ဆံတတ်တဲ့ အကျင့်ကောင်းတွေရှိလာဖို့ မိဘတွေက သင်ကြားပေးရပါမယ်။
အများပြည်သူမြင်ကွင်းမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ ကြိုးစားနေသူတွေနဲ့ ကျူးလွန်နေ သူတွေကို တားဆီးဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။လိင်စော်ကားကျူးလွန်ခံရသူများအတွက်ကျန်းမာရေးစောင့်ရှောက်ခြင်း
ကျူးလွန်ခံရသူတွေကို စိတ်သက်သာရာရစေဖို့ နားလည်မှုပေးပါ။ ပြောသမျှ နားထောင်ပေးပါ။ လိုအပ်ပါက စိတ်ကျန်းမာရေးဆရာဝန်များ စိတ်ကျန်းမာရေး ဆွေးနွေးပေးသူများနှင့်ချိတ်ဆက်ကာ ကူညီပေးပါ။ မုဒိန်းမှုဖြစ်ပွားခဲ့ပါက ထိခိုက် ဒဏ်ရာများကိုကုသပေးပါ။ ကိုယ်ဝန်မရစေဖို့ အရေးပေါ် သန္ဓေတားဆေးတိုက်ပေးပါ။ HIV ကာကွယ်ဆေး PEP တိုက်ပါ။
တရားမျှတမှုအတွက် မှန်ကန်သောဆေးမှတ်တမ်းများ တရားရုံးသို့ပြသထွက်ဆိုနိုင်ရန် ကုသမှုအားလုံးကိုစနစ်တကျမှတ်တမ်းတင်ပါ။
ကျူးလွန်ခံရသူဟာ အမျိုးသားဖြစ်ပါကလည်း HIV ကာကွယ်ဆေး PEP တိုက်ဖို့ လိုအပ်ပါတယ်။ ကျူးလွန်ခံရသူမှာ စိတ်ရောဂါတစ်ခုလို အခြေနေမျိုးကြုံတွေ့ နိုင်တာကြောင့် ပစ်ပယ်မထားဘဲလက်တွဲကူညီကြဖို့တိုက်တွန်းလိုက်ပါတယ်။
အားလုံးလည်းလိင်အကြမ်းဖက်ခြင်းအန္တရာယ်မှ ကင်းရှင်းနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
ဧရာဝတီတိုင်းမ် ပရိသတ်များအတွက် ဝမ်းကိုက်ပိုးအကြောင်းကို နောက်တစ်ပတ်မှာရေး သားဖော်ပြမှာကြောင့် စောင့်မျှော်ကြည့်ရှုအားပေးကြပါခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားခံရခြင်း #ကာကွယ်ကြပါစို့ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)