
ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခုကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်စခန်း ရှစ် ခုအထိ သိမ်းဆည်းရရှိထားပြီဖြစ်ကြောင်း သိရသည်။
KIA သည် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ယမန်နေ့ မေ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်၍ တစ်ပြိုင်နက်တည်း ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“မနက်အစောကြီးကတည်းက တပြိုင်နက်တည်းတိုက်တာ။ အောင်မြေ ၁ နဲ့ ၂ ကိုလည်း ပြန်ရပါပြီ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ မိုင်းတွေလည်းသုံးတယ်။ ရွာတွေ ကတော့ လေကြောင်းတိုက်ခိုက်မှာစိုးလို့ ရှောင်နေကြပြီပြောတယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကဇူးတပ်စခန်း၊ ရွှေညောင်ပင် ခလရ-၃၂၁ ၊ ခါးရှီပြည်သူ့ စစ်တပ်စခန်း၊ အောင်မြေ ၁ တပ်စခန်း၊ အောင်မြေ ၂ တပ်စခန်းနှင့် ဒဘတ်ချောင်းအနီးရှိ ဆမ်ပိုင်၊ လိုင်ဖောင်၊ ဘင့်ပူကောင့်၊ ဂတောင်ဘွမ့်၊ ဒိန်ဂါတပ် စခန်းတို့အပြင် ဂါးရာယန်၊ အင်းလေးတပ်စခန်းတို့ကိုပါ KIA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်စခန်းများအနက် ကဇူးတပ်စခန်းနှင့် ရွှေညောင်ပင်ရှိ ခလရ တပ်ရင်းတို့ကို သိမ်းပိုက်ရန်အတွက် KIA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေဆဲဖြစ်ကြောင်း သိရသည်။
KIA သည် အောင်မြေ ၁ စစ်ကောင်စီစခန်းကို တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့သည့် မတ် ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီက မတ် ၈ ရက်နေ့တွင် အောင်မြေ ၂ ရပ်ကွက်မှ ပြည်သူများကို ဓားစားခံလုပ်ပိတ်ဆို့၍ အောင်မြေ ၁ အင်လုံခ ပြည်သူ့ စစ်စခန်းကို ပြန်လည်တိုက်ခိုက်ခဲ့သည့်အတွက် KIA က စခန်းကို ပြန်လည်စွန့်ခွာ ပေးခဲ့ကြောင်း သိရသည်။
KIA သည် ဝိုင်းမော်ရှိ အခြားတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ရင်း အောင်မြေ ၁ တပ်စခန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရွှေညောင်ပင် ခလရ-၃၂၁ တပ်စခန်းတိုက်ပွဲသို့ လာရောက် ဗုံးကြဲသည့် စစ်ကောင်စီ၏ လေယာဉ်ကို ယမန်နေ့ မေ ၁၈ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် KIA က ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ တပ်စခန်း ၈၀ နီးပါးကို KIA က သိမ်းပိုက်ထားပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းကိုပါ ထိန်းချုပ်ကာ လွယ်ဂျယ်မြို့ကိုပါ သိမ်းပိုက်ထားပြီး ဖြစ်သည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ
#ဝိုင်းမော် #စစ်ကောင်စီတပ်စခန်း #KIA #ထိုးစစ်ဆင်တိုက်ခိုက် #သိမ်းဆည်းရမိ #Ayeyarwaddy_Times