
ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာအုပ်စု၊ သုံးဆယ်ကျေးရွာ၊ တအောင်းတပ်မဟာ(၂)စစ်ဒေသကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ခုနှစ်ဦးထိခိုက်ပြီး နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ(၁၅)ရက်နေ့ ည(၉) နာရီခန့်တွင် စစ်ကောင်စီက နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို လက်နက်ကြီးဖြင့် ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်နှင့် မေလ(၁၀)ရက်တို့တွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါ ပစ်ခတ်မှုတွင် ပြည်သူ နှစ်ဦးသေဆုံးပြီး ငါးဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ညီနောင် မဟာမိတ် ၃ဖွဲ့ကထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ မေလ(၁၅)ရက်နေ့ ပစ်ခတ်မှုသည် ရွှေညောင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုး စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုဖြစ်ပြီး သုံးဆယ်ရွာခံဖြစ်သူ ကျား/မ စုစုပေါင်းခုနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းထန်သည့် သုံးဦးကို ပြင်ဦးလွင်ဆေးရုံသို့လည်းကောင်း၊ ကျန်လေးဦးကို မိုင်းလုံပြည်သူ့ဆေးရုံသို့လည်းကောင်း ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူလူထုများရှိရာသို့ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည့်အတွက် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိကြပြီး နေအိမ်များ ပျက်စီးခဲ့ကြသည်။
#တအောင်း #နောင်ချို #သုံးဆယ်ရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #ဒေသခံ #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times