
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မေ ၁၈ ရက်
အာဏာသိမ်း စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ခြင်းမရှိတော့ဘဲ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်အတွင်း လာမည့်စာသင်နှစ် ၂၀၂၄-၂၀၂၅ တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ယမန်နေ့ မေ ၁၇ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ စစ်လော်ဘီမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့် အစည်းအဝေးသို့ စစ်ကောင်စီခန့် ကရင်နီဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများ တက်ရောက် ကြောင်း သိရပြီး ကျောင်းသူ၊ ကျောင်းသားများ ပညာသင် ကြားနိုင်ရန်၊ သင်ကြားရေး အတွက် ဆရာ၊ ဆရာမ အင်အားစုဆောင်းထားရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
“သိရသလောက် ကရင်နီမှာစစ်ကောင်စီ ကျောင်းမရှိတော့ပါဘူး။ စစ်ကောင်စီဖက် ကတော့ ကျောင်းပြန်ဖွင့်နိုင်ဖို့စည်းရုံးနေတဲ့သဘောပါပဲ။ ဒါပေမယ့် လက်ရှိအနေအထား အရတော့ ကျောင်းဖွင့်နိုင်ဖို့မဖြစ်နိုင်ပါဘူးမြင်ပါတယ်ရှင့်။ ဖွင့်ရင်လည်းလူထုအများစုက သွားတက်ကြမယ်မထင်ဘူး။ ဘာလို့လဲဆိုရင် အခုကရင်နီမှာ ကျောင်းအားလုံးက လူထု အခြေပြုကျောင်းအနေနဲ့ဖွင့်နေကြတာတွေ့ရပါတယ်” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနမှ ဌာနမှူးကြီး မော်မိမာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ထိုသို့ အခြေခံပညာ ကျောင်းများပြန်ဖွင့်ရန်ပြောဆိုနေသော်လည်း လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း အခြေခံပညာကျောင်းများကို လူထုအခြေပြု ကျောင်းများအနေဖြင့် ဖွင့်လှစ်ထားပြီး မိခင်ဘာသာစကားကို အခြေပြုကာ ဘာသာစကားစုံပညာရေးစနစ်ဖြင့် ပညာသင်ကြားပေးနေပြီး ဖက်ဒရယ်ပညာရေးစနစ်ကို အခြေခံကာ ကျောင်းများဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း IEC ပညာရေးဌာနထံက သိရသည်။
လက်ရှိတွင် ကရင်နီပြည်နယ်ရှိ မြို့နယ်အများစုကို စစ်ကောင်စီက လက်လွှတ်ထားရပြီး ၎င်းတို့တပ်ရင်း၊ တပ်စခန်းအချို့တွင်သာ ခြေကုပ်ယူထားနိုင်သည့်အတွက် စာသင် ကျောင်းများ ဖွင့်လှစ်ရန်စီနေကြောင်းပြောဆိုမှုမှာလည်း ဝါဒဖြန့်ချိမှုသာဖြစ်ကြောင်း ကရင်နီအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
“မြေပြင်မှာကျောင်းဖွင့်ဖို့ဆိုတာ စစ်မြေပြင်ဖြစ်နေတဲ့အတွက် ကျောင်းဖွင့်ဖို့ မလွယ်ပါဘူး။ လွိုင်ကော်မှာဆို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေက နေ့စဉ်နီးပါးဖြစ်တယ်။ စစ်ကောင်စီဘက်ကလည်း ခေတ်မီဒရုန်းတွေသုံးပြီးတော့မှ တိုက်ခိုက်တာမျိုးတွေ ရှိနေပါတယ်။ လူထုဘက်ကပြန်နေဖို့ လုံခြုံတဲ့အခြေအနေမျိုးမရှိသေးပါဘူး။ စစ်ကောင်စီကသာ ကျောင်းဖွင့်မယ်ဆိုတာ ဝါဒဖြန့်ချိမှုပဲဖြစ်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက အခြေခံပညာကျောင်းများပြန်ဖွင့်နိုင်ရန် စီစဉ်နေကြောင်း ပြောဆို နေသော်လည်း ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့က ကျင်းပခဲ့သည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ကရင်နီပြည်နယ်၌ စာစစ်ဌာနဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပဲ စစ်ဖြစ်ပွားရာ ဒေသများအတွက် ပြန်လည်ကျင်းပသည့် ဒုတိယအကြိမ်မြောက်စာမေးပွဲတွင်လည်း ကရင်နီပြည်နယ်ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ဓာတ်ပုံ-Myanmar Newspaper
ပုံစာ-ကရင်နီပြည်နယ်တွင် ကျောင်းပြန်ဖွင့်နိုင်ရေးဆေးနွေးနေကြပုံ
#ကရင်နီ #စစ်ကောင်စီ #ကျောင်းဖွင့်နိုင်ရန်စီစဉ်နေ #အခြေခံပညာကျောင်း #တိုက်ပွဲဒေသ #Ayeyarwaddy_Times