
ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ မေ ၁၈ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ဘေးဘေးရှောင် (၃၈) ဦးကို ပြန်လည် ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်(ကန်ပက်လက်)ထံမှ သိရှိရသည်။
ကန်ပက်လက်ဝမြို့နယ်၊ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲတွင် စခန်းစွန့်ခွာထွက်ပြေးကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မေလ ၁၄ ရက်နေ့တွင်ထွက်ပြေးတိမ်းရှောင်နေကြသည့် အုံကျေးရွာမှ စစ်ဘေးရှောင် အမျိုးသား၊ အမျိုးသမီး ကလေးအပါဝင် (၃၈) ဦး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည် စစ်ဘေးရှောင်ပြည်သူများကို ယမန်နေ့ မေလ ၁၇ ရက်နေ့တွင် ပြန်လည်ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်(ကန်ပက်လက်)တာဝန်ရှိသူထံမှ သိရှိရသည်။
“စစ်ကောင်စီ ဖမ်းသွားတဲ့ စစ်ဘေးရှောင် (၃၈) ဦးကို မနေ့က ကျွန်တော်တို့ CDF(ကန်ပက်လက်)တွေက အကုန်လုံးကို ကယ်ထုတ်နိုင်သွားပါပြီ။”ဟု ချင်းလဲန်းကာကွယ်ရေးတပ်(ကန်ပက်လက်)၏ တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခေါ်ဆောင်သည့် စစ်ဘေးရှောင်ထဲတွင် အမျိုးသမီး (၂၇) ဦး၊ အမျိုးသား (၁၁) ဦးတို့ဖြစ်ပြီး ၎င်းတို့ထဲတွင် အသက်မပြည့်သေးသည့် ကလေး နှစ်ဦး၊ အသက်ကြီးပိုင်း တစ်ဦးနှင့် စိတ်ကျန်းမာရေးချို့ယွင်းသည့် အမျိုးသား တစ်ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။
စစ်ကောင်စီက ဖမ်းဆီးစဥ် ထွက်ပြေးလွတ်မြောက်သည့် စစ်ဘေးရှောင် လေးဦးသည် ယနေ့ထိ မတွေ့သေးဘဲ ပျောက်ဆုံးနေကြောင်း စစ်ဘေးရှောင် များထံက သိရသည်။
“ထွက်ပြေးလွတ်မြောက်တဲ့ လေးယောက်က အခုထိ ပြန်ရောက်မလာသေးဘူး။ အဆက်သွယ်လည်း မရသေးဘူး။ သူတို့တွေက အကြောက်လွန်ပြီးတော့ ထွက်ပြေးကြတာ။ သူတို့ ထွက်ပြေးတုန်းက ပစ်ခတ်တာတွေမျိုးလည်း မရှိဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျင်ဒွေးမြို့သိမ်း တိုက်ပွဲတွင် အသုံးပြုထားသည့် စစ်အသုံးစရိတ်အတွက် ကုန်ကျစရိတ်များ အကြွေးဆပ်နိုင်ရန် ကျပ်သိန်း တစ်ထောင် အရေးပေါ် အကူညီလိုအပ်လျက်ရှိကြောင်း သိရှိရသည်။
#စစ်ကောင်စီ #ဖမ်းဆီးခေါ်ဆောင် #ကန်ပက်လက် #စစ်ဘေးရှောင် #၃၈ဦးကိုပြန်လည်ကယ်ထုတ် #ကျင်ဒွေးမြို့ #ချင်းလဲန်းကာကွယ်ရေးတပ် #Ayeyarwaddy_Times