ဧရာဝတီတိုင်းမ်
မေ ၁၈ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများနှင့် စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AAက သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။
ယနေ့ မေ ၁၈ရက်နေ့ နေ့လယ် ၁၂နာရီအချိန်
တွင်ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများနှင့် အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် ( AA) မှတွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်းAAမှထုတ်ပြန်ထားသည်။
ယနေ့နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် GE တပ်ရင်း တို့ဖြစ်သည်။
ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့က နခခ (၃) အားလည်းကောင်း၊ မေလ (၁၄) ရက်နေ့တွင် စစ်ကောင်စီ၏ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခမရ (၂၆၃) နှင့် ခမရ (၂၃၃) စသည့် တပ်ရင်း (၄) ရင်းနှင့် မေလ (၁၆) ရက်နေ့တွင် နခခ (၈) စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။
တစ်ပြိုင်နက်တည်းတွင် အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ AAအားတိုက်ခိုက်နေသော ဘင်္ဂလီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း AAကဆိုသည်။
ထိုသို့ ထွက်ပြေးနေသူများကို AAက လိုက်လံပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများမှာ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျား ခြေဦးတည့်ရာထွက်ပြေးနေသည့်အတွက် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း AAက “အထူး” သတိပေးထားသည်။
#ဘူးသီးတောင် #စစ်ကောင်စီ #တပ်ရင်း #တပ်မ #ဌာနချုပ် #AA #သိမ်းပိုက် #Ayeyarwaddy_Times