မောင်ကောင်း/ဧရာ၀တီတိုင်းမ်
မေ ၁၈ ရက်

“စစ်မဲ့ကမ္ဘာ၏ရှေ့ဆောင်များသည် စစ်မှုထမ်းရန်ငြင်းဆန်သော လူငယ်များဖြစ်သည်” (အဲလ်ဘတ်အိုင်းစတိုင်း)

၂၀ ရာစုရဲ့ အတော်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းဟာ ၁၉၂၈ မှာ စစ်မှုထမ်းခြင်းကို လုံး၀ငြင်းဆိုခဲ့ပြီး လူငယ်တွေကိုလည်း အဓမ္မစစ်မှုထမ်းဆောင်ခိုင်းတာကို ငြင်းဆန်ဖို့ တိုက်တွန်းခဲ့ပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပုံစံအမျိုးမျိုးရှိကြသလို နေရာပေါင်းစုံကနေ ရှုထောင့် ပေါင်းစုံကနေ လေ့လာကြပြီး အကျိုး အပြစ်တွေကို ဆွေးနွေးကြတာတွေ ရှိပါတယ်။

စစ်မှုထမ်းဥပဒေဆိုတာ ပြည်ပအန္တရာယ်ကို ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းကြတာ ဖြစ်ပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတည်ပြုခဲ့တဲ့ “ပြည်သူ့စစ်မှု ထမ်းဥပဒေ” ကတော့ သူရဲ့တပ်အင်အား ပြုန်းတီးနေမှုကို ဖြည့်တင်းနိုင် ဖို့အတွက် လူငယ်လူရွယ်တွေကို စစ်ကျွန်အဖြစ် အသုံးပြုဖို့ ကြံဆောင်လာတာလို့ ဆိုနိုင်ပါတယ်။

နိုင်ငံကို အုပ်ချုပ်နေသူ တစ်ယောက်ဟာ နိုင်ငံသားတွေရဲ့ ဘ၀ကို ဆိုးရွားစွာ ပြောင်းလဲစေတဲ့ အရာတစ်ခုကို လုပ်ခဲ့မိရင် နိုင်ငံအပေါ်မှာ ကျင့်ဝတ်အားဖြင့် တာဝန်မဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို ပြည်သူ့စစ်မှု ထမ်းဥပဒေ အာဏာ တည်တဲ့ နေ့ရက်အဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာချက်ကို ဖော်ပြခဲ့တဲ့ ဒေသတွင်း မီဒီယာတစ်ခုရဲ့ အောက်မှာ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ယခုလို မှတ်ချက်ပြုခဲ့ပါတယ်။

“၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိဂုံးရဲ့အစဆိုရင် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်နေ့က စတင်တဲ့ အာဏာတည်သော ဥပဒေက နိဂုံးရဲ့ အဆုံးသတ်လို့ ဆိုရမှာပေါ့”လို့ ဗိုလ်ချုပ်ဂွန်မော် ကမှတ်ချက်ပြုပါတယ်။

ဒါဟာ စစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်ကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက် လာရာနဲ့ လားရာကို ကချင်တော်လှန်ရေး ခေါင်းဆောင်တစ်ယောက်က ထောက်ပြလိုက်တာပါပဲ။

🟥စစ်တပ်ဖွဲ့စည်းပုံနှင့်ရှိနိုင်သည့်အင်အား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့တဲ့ အကြောင်းအရင်းများစွာအနက် အဓိကအကြောင်းအချက်ကတော့ စစ်တပ်ထဲမှာ လူအင်အားလိုအပ်ချက်နှင့်အတူ စစ်တပ်က လူဟောင်းတွေရဲ့လုံခြုံရေး၊ အတွင်းစည်း ပေါက်ကြားမှုတွေကြောင့်လည်းပါဝင်နေတယ်လို့ တပ်မတော်က CDM ပြုလုပ်ထားသူ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

“လူအင်အားလိုအပ်ချက်အပြင် သူ့ရဲ့လူဟောင်းတွေ လုံခြံရေးအရရော သူ့လူတွေရဲ့ အတွင်းစည်းပေါက်ကြားမှုတွေကြောင့် ဥပဒေထုတ်ရခြင်းဖြစ်ပါတယ်။ ပြီးတော့ တစ်ခုရှိတာက ထွက်ပြီးသားလူတွေကို သူတို့ သံသယဖြစ်လာတာလဲပါတယ်။ အဓိကကတော့ ကြံ့ဖွံ့မှာရောက်နေတဲ့ အရာရှိကြီးများကို ပါ ထိန်းချုပ်ပြီးသား ဖြစ်သွားပါတယ်” လို CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

၂ဝဝ၆ ခုနှစ် နှောင်းပိုင်းမှာ စစ်တပ်က ပေါက်ကြား ထွက်လာခဲ့တဲ့ အစီရင်ခံစာတခုအရ တပ်မတော် (ကြည်း) မှာရှိနေတဲ့ တပ်ရင်း ၂၈၄ ခုဟာ လူအင်အား ၂ဝဝ အောက်ထက် လျော့နည်းနေပြီး နောက်ထပ် တပ်ရင်း ၂၂ဝ ခု ဟာလည်း လူအင်အား ၂ဝဝ နဲ့ ၃ဝဝ ကြားပဲ ရှိတယ်ဆိုတာကို မောင်အောင်မျိုးရဲ့ တပ်မတော်ကို တည်ဆောက်ခြင်း (Building the Tatmadaw) မှာ ဖော်ပြထားပါတယ်။

“အာဏာမသိမ်းခင်က ကျွန်တော်နေခဲ့တဲ့တပ်တွေမှာ အားလုံးပေါင်း ၁၈၀ ၀န်းကျင် ရှိနေပြီး စစ်ထွက်အင်အားက ၉၀ ပတ်ချာလည်ပါ။ အခုနောက်ပိုင်းမှာတော့ စစ်ထွက် အင်အား ၆၀ နဲ့ ၇၀ ကြားအထိဖြစ်လာပြီး နောက်ချန်အင်အားပါ မပြည့်မီ တာကြောင့် တပ်မိသားစုတွေ နဲ့ အားဖြည့်ထားရပါတယ်။ တကယ့် နောက်ချန် အင်အား က ၆၀ ရှိရမှာ ဖြစ်ပါတယ်။ အခု ၃၀ ၀န်းကျင်ဆိုတော့ ရှိရင်းအင်အား ‌၁၀၀ ပတ်ချာလည်လို့ ခန့်မှန်းပါတယ်” လို ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

စစ်ကောင်စီတပ်မှာ တိုက်ခိုက်ရေး တပ်ရင်း ၅၂၂ ရင်းရှိကာ ခြေလျင်တပ်ရင်း (ခလရ) တပ်ရင်းပေါင်း ၂၁၇ ရင်း နဲ့ ခြေမြန်တပ်ရင်း (ခမရ) တပ်ရင်းပေါင်း ၃၀၅ ရင်းရှိပြီး တပ်ရင်း တစ်ရင်းကို အင်အား ၈၅၇ ဦးနဲ့ ဖွဲ့စည်းဖို့ ပြဌာန်းထားပါတယ်။

အဲ့ဒီလို ပြဌာန်းထားပေမယ့် ကျဆုံးမှု၊ တပ်ပြေးမှု၊ အလင်းဝင်ရောက်မှု၊ ဒဏ်ရာရ ပျောက်ဆုံးမှုများ အလွန်များပြားနေပြီး ၂၀၂၄ မှာတော့ တပ်ရင်းတစ်ရင်းလျှင် အင်အား ၇၀ ခန့်သာရှိတော့တဲ့ တပ်ရင်းများပြားတယ်လို့ စစ်ရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။

“ကိန်းဂဏန်းအရတော့ တိတိကျကျမပြောနိုင်ပါဘူး။ စစ်တပ်ရဲ့ စာရင်းဇယားတွေဟာ ဖောင်းပွနေပြီး ပြုန်းတီးအင်အားကို ထိန်ချန်ထားတာတွေ များပါတယ်။ တစ်တပ်နဲ့တစ်တပ် မတူပါဘူး။ အခု လူသစ်စု ဥပဒေအရ တပ်တွေ ကို အင်အားဖြည့်မယ့်ပုံတော့ မရှိပါဘူး။ သီးခြားတပ်ရင်းတွေ အဖြစ်ထားမယ်လို့ သိရပါတယ်။ ဒါကြောင့် တပ်ရင်းတွေ အတွက် ဖွဲ့စည်းပုံပြန်ပြည့်လာမှာ မဟုတ်ဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

United States Institute of Peace မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေသူ ကိုရဲမျိုးဟိန်းကတော့ စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့တာ စစ်တပ်ရဲ့ လူအင်အားလိုအပ်ချက်ကြောင့်လို့ ဆိုပါတယ်။

“အဓိကက လူအင်အားလိုအပ်ကြောင့်လို့ မြင်တယ်။ စစ်တပ်ဟာ ၁၉၈၈ နောက်ပိုင်းကစပြီး တပ်ရင်းကြီးတွေ တိုးချဲ့လိုက်ပေမယ့် တပ်တွေရဲ့ လူအင်အားက တက်မလာဘူး။ တပ်တွေရဲ့ ဖွဲ့စည်းပုံနဲ့ တည်ပုံက ပြဿနာ တက်လာတယ်။ စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ နောက်ပိုင်းမှာ စစ်တပ်ရဲ့အင်အားက ပိုဆိုးလာတယ်။ အင်အား ၁၂၀ ရှိတဲ့ တပ်ရင်းက အများဆုံး ရင်း လို့တောင်ပြောလို့ရတယ်။ အဲ့ဒီမှာမှ ၈၀ ကို ဖျစ်ဖျစ်မည်အောင် ရှေ့တန်းပို့ရတယ်။ ဖွဲ့စည်းပုံအရဆိုရင်တော့ ၁၂၀ က ရှေ့တန်း ထွက်ရတယ်။ ၈၀ က နောက်ထိုင်ပေါ့ လို့ ကိုရဲမျိုးဟိန်းက ဆိုပါတယ်။

🟥လူငယ်တွေကို စစ်မှုထမ်းဖို့ ဖြစ်လာစေတဲ့ အကြောင်းရင်း

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ၊ တအောင်း အမျိုးသား လွတ်မြောက် ရေးတပ်မတော်(TNLA) နဲ့ ရက္ခိုင့်တပ်တော်(AA) မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှာ “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ကြောင်း ကြေညာခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ “၁၀၂၇စစ်ဆင်ရေး” ကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် သေဆုံး ခဲ့ပြီး ၄,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အထိ စာရင်းတွေအရသိရပါတယ်။

“ ကျွန်တော်တို့ အမြင်အရ စစ်တပ်ရဲ့ တိုက်ခိုက်ရေး အင်းအား ခြောက်သောင်း ပတ်ဝန်ကျင်ပဲရှိတယ်ဆိုတာ တွေ့ရတယ်။ သူရဲ့ စစ်လက်ရုံးတပ်က ငါးသောင်း ပတ်ဝန်းကျင်နဲ့ ရေ၊ လေက နှစ်သောင်း ပတ်ဝန်းကျင်၊ စုစုပေါင်း ကျွန်တော်တို့ရထားတဲ့ စာရင်းဇယားအရ တစ်သိန်းသုံးသောင်းဆိုတာ ဖျစ်ဖျစ်မည်ပဲ။ ဒါတောင် တိုက်ခိုက်ရေး တပ်မဟုတ်ဘဲ စစ်လက်ရုံးတပ်က ရှေ့တန်းပို့တဲ့အခါ ထိရောက်မှုမရှိတာ တွေ့ရတယ်။ ပြင်ဦးလွင်က သံဘိုစခန်းသိမ်းတိုက်ပွဲလိုမျိုးပေါ့” လို့ United States Institute of Peace မှာသုတေသနလုပ်နေသူ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ “၁၁၀၇ စစ်ဆင်ရေး” နဲ့ “၁၁၁၁ စစ်ဆင်ရေး” ၊ ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၃ ရက်နေ့တွင် “ရခိုင်ဒေသစစ်ဆင်ရေး”၊ ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) က ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ “၀၃၀၇စစ်ဆင်ရေး” စတဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်ခဲ့တာကြောင့် စစ်ကောင်စီ တပ်များ မရှုမလှ အရေးနိမ့်ခဲ့ရပါတယ်။

စစ်ကောင်စီဟာ သူတို့တို့ မရှုမလှ စစ်ရေးရှုံးနိမ့်မှုတွေကြောင့် “စစ်ရှုံးစစ်ကောင်စီ” ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီး စစ်ကောင်စီရဲ့ DSA ဗိုလ်သင် တန်းကျောင်းရှိရာ ပြင်ဦးလွင်၊ မန္တလေး၊ အညာဒေသ ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်း တွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကို အလူးအလဲ ခံနေရပါတယ်။

အဲ့ဒီလို ရှုံးနိမ်မှုတွေဟာ စစ်ကောင်စီရဲ့ အင်အားချိနဲ့မှု ၊ တပ်တွင်းဖွဲ့စည်းပုံ ပျက်ယွင်း နေမှုတို့ကို မီးမောင်း ထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

🟥မြန်မာနိုင်ငံနဲ့စစ်မှုထမ်းဥပဒေ

ပထမဆုံးသော “ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ” ကို ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ အဖြစ် တာဝန်ယူထားစဉ်ကာလ ၁၉၅၉ မတ် ၁၁ ရက်မှာ သမ္မတ မန်းဝင်းမောင်က ပြဋ္ဌာန်းခဲ့ပြီး ကျင့်သုံးခဲ့ခြင်းမရှိပါဘူး။

နောက်ထပ် နှစ်ပေါင်း ၅၀ အကြာ ၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့မှာ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ “ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို ထပ်မံ ပြဋ္ဌာန်းကာ “၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ” ကို ရုတ်သိမ်းခဲ့ပြီး ကျင့်သုံးခဲ့တာတော့မရှိပါဘူး။

၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်း ယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တစ်နိုင်ငံလုံးရဲ့ ခုခံတော်လှန်စစ်တွေ ကြောင့် ပြုန်းတီးလာတဲ့ သူရဲ့တပ်အင်အားကို ဖြည့်ဆီးပြီး တပ်သစ်တည်ဖို့ ကြံဆောင်လာပါတယ်။

ဒါကြောင့် အာဏာသိမ်းယူပြီး ၃ နှစ်အကြာ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့ စစ်မှုထမ်းဥပဒေ အာဏာတည် အသက်ဝင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

🟥စစ်ကောင်စီအတည်ပြုခဲ့တဲ့စစ်မှုထမ်းဥပဒေ

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေနဲ့ အကြုံးဝင်သူတွေကတော့ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဖြစ်ပြီး စစ်မှုထမ်းသက်မှာ ၂ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူ ဆိုရင်တော့ အမျိုးသားကို ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးကို ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ခဲ့ပါတယ်။ စစ်ကောင်စီက ပြောတဲ့ ကျွမ်းကျင်သူဆိုတာ ဆရာဝန်၊ အင်ဂျင်နီယာ အပြင် ဘာကိုဆိုလိုမှန်းမသိတဲ့ အခြား အတတ်ပညာ တစ်ခုခုနဲ့ အသက်မွေးနေသူတွေလို့ ဆိုပါတယ်။

၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အမျိုးသား ၆ ဒသမ ၃ သန်းကျော်၊ အမျိုးသမီး ၇ ဒသမ ၇ သန်းကျော်ရှိတာကြောင့် စစ်မှုထမ်းနိုင်သူ စုစုပေါင်း ၁၃ သန်းခန့်ရှိတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်မှုထမ်းဆောင်နိုင်သူ လူငယ် ၁၃ သန်းထဲကနေ တစ်နှစ်ကို လူဦးရေ ခြောက်သောင်းခန့် စစ်မှုထမ်းဆောင် စေမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေအရ (ကျွမ်းကျင်သူမပါ) ၂ နှစ် စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပြီး အရေးပေါ် အခြေအနေဆိုရင် ၅ နှစ်အထိ စစ်မှုထမ်းဆောင်ဖို့ တိုးမြှင့် သက်မှတ်ထားတယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာစတင်သိမ်းယူကတည်းက အရေးပေါ် ကာလကို ကြေညာပြီး ခြောက်လ သက်တမ်းတိုး ရယူခဲ့တာ ငါးကြိမ်တိုင်ရှိလာပါပြီ။ ။

ဒါကြောင့် စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့ ၁၃ သန်းသော လူငယ်တွေဟာ ၅ နှစ်အထိ စစ်ကျွန် ဖြစ်မယ့် ကိန်းဆိုက်သွားနိုင်ပါတယ်။

🟥လူငယ်တွေရဲ့ဆုံးရှုံးမှု

လက်ရှိမှာတော့ စစ်မှုထမ်းဥပဒေကြောင့် တီထွင် ဖန်တီးနိုင်မှုကောင်းကောင်း ရှိတဲ့ လူငယ်တွေဟာ သူတို့ရဲ့ အခွင့်အလမ်း တွေနဲ့ အခြားသော ရပိုင်ခွင့်တွေ ဆုံးရှုံးရမှာပါ။

ပညာရှင်တွေရဲ့ လေ့လာမှုအရ Opportunity Cost တော်တော်လေးများ သွားမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တိုက်ပွဲအတွေ့အကြုံမရှိတဲ့ လူငယ်တွေဟာ ရှေ့တန်းမှာ အတော်လေး ဒုက္ခရောက်နိုင်လာပြီး လူသားဒိုင်း (သို့မဟုတ်) အသေခံ အဖြစ်လည်း အသုံးပြု လာနိုင်တယ်လို့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စစ်မှုထမ်း ဥပဒေကြောင့် လူမျိုး၊ ဘာသာ၊ လူမှုစီးပွားအဆင့်အတန်း၊ ကျား/မ လိင်ပိုင်းဆိုင်ရာ ခံယူချက်မတူခြင်းကြောင့် မတူညီမှုအပေါ် ခွဲခြားဆက်ဆံခံ ရမှာတွေ၊ ရာဇဝတ်မှုတွေ တိုးလာနိုင်တဲ့ အန္တရာယ်တွေ ၊ နိုင်ငံသားများအတွက် စီးပွားရေး ဝန်ထုပ်ဝန်ပိုး စတာတွေလည်း ကြုံတွေ့ လာရ နိုင်ပါတယ်။

စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တဲ့ အပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး United States Institute of Peace မှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေသူ ကိုရဲမျိုးဟိန်းက အချက် (၈) ချက်နဲ့ ထောက်ပြပြောဆိုထားပါတယ်။

နံပါတ်တစ် သက်ရောက်မှုအနေနဲ့ မလုံခြုံမှုဆိုတဲ့ အရာကို အားလုံးရင်ဆိုင်ရနိုင်ပါတယ်။

နံပါတ် နှစ်အနေနဲ့ လူငယ်တွေဟာ အလုံးအရင်းနဲ့ နိုင်ငံထဲက ထွက်ဖို့ကြိုစားလာတာတွေ၊ အလုံးအရင်းနဲ့ ရွှေ့ပြောင်းတာမျိုးတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေလည်း ရှိပါမယ်။

နံပါတ်သုံး ကတော့ လုပ်အားတွေနဲ့ လုပ်သားတွေက နိုင်ငံကနေ ထွက်ခွာတာ၊ ပုံမှန်အလုပ်လုပ်ရမယ့် သူတွေ စစ်မှုထမ်းရတာ၊ စစ်မှုမထမ်းချင်ဘဲရှောင်တာ၊ တော်လှန်ရေး တပ်ဖွဲ့ကို ဝင်ရောက်သွားတာတွေကြောင့် စီးပွားရေးသက်ရောက်မှု ကြီးနိုင်ပါတယ်။

နံပါတ်လေးအနေနဲ့ မြန်မာနိုင်ငံဟာ အရင်ကတည်းက အကျင့်ပျက် ချစားမှု (Corruption) ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ယခုလို စစ်မှုထမ်းဥပဒေ ဖြစ်လာတဲ့အခါ လာဘ်ထိုးတာတွေ၊ ရှောင်ရှားဖို့ ကြိုးစားတာတွေ၊ ငွေပေးပြီးကင်းလွတ်ခွင့်ရဖို့ ကြိုးစားလာတာတွေ ကြောင့် Corruption နှုန်းက ပိုမြင့်တက်လာမှာပါ။ တွေ့လည်း တွေ့နေရပြီဖြစ်ပါတယ်။

နံပါတ်ငါးအချက်ကတော့ စစ်မှုထမ်းဥပဒေကြောင့် မကျေနပ်မှုတွေမြင့်တက်လာပြီး ထွက်ပေါက်မဲ့သလိုခံစားရတာကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေ Social problem အများကြီး ဖြစ်လာနိုင်တာ တွေ့ရပါမယ်။

နံပါတ်ခြောက်ကတော့ နိုင်ငံဖြတ်ကျော်မှုခင်း (Transnational Crime)တွေပါပဲ။

နံပါတ်ခုနစ်ကတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး တော်လှန်ရေး အဖွဲ့တွေကလည်း တုံ့ပြန်မှုအနေနဲ့ မတရားဥပဒေအဖြစ် ကြေညာတာတွေ၊ ရှောင်လွှဲဖို့ ကြိုးစားသူတွေကို နည်းမျိုးစုံနဲ့ ထောက်ပံ့ကူညီ အားပေးတာတွေပါ။

နံပါတ်ရှစ်ကတော့ တချို့က စစ်မှုထမ်းဥပဒေကို အဓိက အသက်သွင်းတယ်လို့ ယူဆရတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားပြီးတော့ သတိပေး ခြိမ်းခြောက် သတ်ဖြတ်လာတာတွေပါ။

🟥စစ်မှုထမ်းဥပဒေကြောင့်ထိခိုက်လာနိုင်တဲ့အိမ်နီးချင်းနိုင်ငံများ

ကိုရဲမျိုးဟိန်းပြောပြလာတဲ့ အချက်တွေထဲက အနက် နံပါတ် နှစ် ဖြစ်တဲ့ လူငယ်တွေ အလုံးအရင်းနဲ့ နိုင်ငံထဲက ထွက်ဖို့ကြိုးစားလာတာနဲ့ နံပါတ် ခြောက် အချက်ဖြစ်တဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတွေဟာ မြန်မာနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအပြင် အာဆီယံ ဒေသတွင်း နိုင်ငံတွေ ကောင်းစွာ ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။

“အခုက နိုင်ငံထဲက ထွက်ခွာချင်သူပဲ ဖြစ်ဖြစ် ၊ စိတ်ညစ်နေသူပဲ ဖြစ်ဖြစ် သူတို့ကို မှီတည်ပြီးတော့ လူကုန်ကူးတာမျိုးတွေနဲ့ အခြားသော နိုင်ငံဖြတ်ကျော် မှုခင်းတွေ ပိုပြီးတော့ မြင့်တက် လာမယ့်အနေအထားပါ။ မြန်မာနိုင်ငံဟာ အရင်ကတည်းက Transnational Crime လုပ်တဲ့ စားကျက်လိုဖြစ်နေတာဆိုတော့ ပိုပြီးဆိုးလာနိုင်တယ်” လို့ ကိုရဲမျိုးဟိန်းက ဆိုပါတယ်။

စစ်မှုထမ်း ဥပဒေကြောင့် နယ်စပ်ဖြတ်ကျော် မှုခင်းတွေများလာပြီး အိမ်နီးချင်း နိုင်ငံတွေပါ ခြိမ်းခြောက်ခံလာရတဲ့အခါ ဒေသတွင်း နိုင်ငံတွေကိုပါ မတည်ငြိမ်မှု ဖြစ်စေတဲ့ အခါမှာ အဓိက တရားခံဟာ စစ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို မိးမောင်းထိုးပြဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

“လူငယ်တွေ တော်တော်များများက သားကောင်ဖြစ်လာနိုင်ပြီး နိုင်ငံကနေ အလုံးအရင်းနဲ့ ဘေးနိုင်ငံကို ရောက်တာမျိုး ၊ တရားမဝင်တဲ့ လမ်းကြောင်းကနေ ဝင်တာမျိုး၊ နိုင်ငံ ဖြတ်ကျော်မှုခင်းမြင့်လာပြီး ဘေးနိုင်ရဲ့ လုံခြုံရေးကနေ တဆင့် ဒေသတွင်းရဲ့ တည်ငြိမ်းမှုနဲ့ လုံခြုံရေးကိုပါ အများကြီးသက်ရောက်မှုရှိလာနိုင်တယ်” လို့ ကိုရဲမျိုးဟိန်းက သုံးသပ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကြောင့် လူငယ်လူရွယ်တွေဟာ ပြည်ပထွက်ခွာမှု ပိုမိုများပြား နေပြီး အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ ၊ ပညာသင်ကြားဖို့အတွက် ရွှေ့ပြောင်းအခြေချ နေထိုင်မှု တွေ ပိုမိုများပြားလာပါတယ်။

လူငယ်တွေကို စစ်ကျွန်ပြုလိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က စပြီး လူငယ်တွေ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ပင် လိုက်ပါတယ်။

ပညာရေးနဲ့ ပတ်သက်ရင်လည်း ထိုင်းနိုင်ငံမှာ ဘာသာစကားကျောင်းတက်ရောက်ခွင့် လျှောက်ထားတဲ့ မြန်မာ အမျိုးသားများအတွက် ကျောင်းသားဗီဇာလျှောက်ထားမှုကို မေ ၉ ရက်နေ့က စတင်ပြီး ယာယီပိတ်ပင်ထားတယ်လို့ ဗီဇာဝန်ဆောင်မှု လုပ်ငန်းတွေဆီက သိရပါတယ်။

“မဟာချူလာလောင်ကွန်မှာ မြန်မာကျောင်းချည်းပဲ အယောက် ၅၀၀၀ လောက်ဖြစ် သွားတာကြောင့်လို့တော့ ကြားတယ်။ ဗီဇာပြဿနာဖြစ်ကြတယ်ဆိုပြီး ကြားရတယ်” လို့ ထိုင်းနိုင်ငံမှာ Non – Immigrant ED Language ဗီဇာဖြင့်နေထိုင်သူ အသက် ၃၂ နှစ်အရွယ် မြန်မာလူငယ် တစ်ဦးက ဆိုပါတယ်။

🟥စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရသူတွေ

စစ်ကောင်စီရဲ့ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရသူတွေကတော့ သာသနာ့ ဝန်ထမ်း၊ အိမ်ထောင်သည်အမျိုးသမီး (အိမ်ထောင်ကွဲအပါအဝင်)၊ မသန်စွမ်းသူ ဆေးဘုတ်အဖွဲ့ရဲ့ ဆေးကျထားသူ၊ ဗဟိုအဖွဲ့ရဲ့ ကင်းလွတ်ခွင့်ရထားသူ အာဆီယံ/ အာရှ/ကမ္ဘာ့အဆင့် ရွှေငွေကြေး တခုခုရထားသူ၊ ဉာဏ်ရည်မမီသူ၊ ဆေးစစ်ချက်အရ စိတ်ပေါ့သွပ်သူ၊ တိုက်ပွဲကျ စစ်သား၊ ရဲ၊ ပြည်သူစစ်တို့ရဲ့ သားသမီးအရင်းတွေ ပါဝင်တယ်လို့ ဆိုထားပေမယ့် အားလုံးကို သိမ်းကြုံးခေါ်ယူနေတာ တွေ့ရပါတယ်။

🟥ယာယီကင်းလွတ်ခွင့်ရသူများ

အဲ့ဒါတွေအပြင် ဆေးစစ်ဘုတ်အဖွဲ့ရဲ့ ဆေးမအောင်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ပညာသင် ကြားနေသူ၊ မိအိုဖအိုတွေကို လုပ်ကျွေးပြုစုနေသူ၊ မူးယစ်ဆေး ဆေးဖြတ်ဌာနမှာ ဆေးဖြတ်ကုသခံနေသူ၊ ထောင်ဒဏ်ကျခံနေရသူ၊ သတင်းမပို့သေးမီ ကာလအတွင်း မိဘ/အိမ်ထောင်ဖက်တစ်ဦးဦး ရုတ်တရက်ကွယ်လွန်ခြင်းခံထားရသူ၊ ဥပဒေအရ ချုပ်နှောင်ခံထားရသူ/အမှုရင်ဆိုင်နေရသူတွေဟာ စစ်မှုထမ်းကနေ ယာယီရွှေ့ ဆိုင်း ခံရမှာဖြစ်တယ်လို့ ဆိုထားသော်လည်း စိစစ်ခြင်းမပြုဘဲ အဓမ္မဖမ်းဆီးခေါ်ယူကာ စစ်သင်တန်းကျောင်းတွေကို ပို့နေတာတွေကိုလည်း မီဒီယာတွေမှာ ဖော်ပြနေတာကို တွေ့ရပါတယ်။

🟥စစ်မှုထမ်းဥပဒေနဲ့အနိုင်ကျင့်ခံရမှုများ

တပ်သားအင်အား အရေးပေါ်လိုအပ်နေတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထွက်ပေါ်လာခြင်း မရှိသေးဘဲ ဧပြီလဆန်းမှာ သင်တန်းကျောင်း ၁၅ ခု ဖွင့်လှစ်ခဲ့ပြီး လူငယ် ၅၀၀၀ ခန့်ကိုစုဆောင်း၍ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲ့ဒါတွေအပြင် အခု မေလက စတင်ပြီး စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂) အတွက် လူငယ်တွေကို စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့ အဓမ္မစုဆောင်းနေပါတယ်။ စုဆောင်ခံရတဲ့ သူတွေမှာ ကျောင်းတက်နေဆဲ တက္ကသိုလ်ကျောင်းသားတွေပါ ပါဝင်နေတယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) အတွက် ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်လေးခုကနေ ကျောင်းတက်နေဆဲ တက္ကသိုလ်ကျောင်းသားတွေအပါအဝင် လူငယ် ၁၀၀ နီးပါးကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ RFA ရဲ့ မေလ ၈ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေအနက် ပြည်တက္ကသိုလ်မှာ ကျောင်းတက်နေဆဲ မြန်မာစာအထူးပြု စတုတ္ထနှစ်ကျောင်းသားတစ်ဦး နဲ့ သမိုင်းအထူးပြု စတုတ္ထနှစ်ကျောင်းသား တစ်ဦး၊ ဘွဲရပြီးစ လူငယ် နှစ် ဦးတို့ကို အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်ကို စစ်သင်တန်းတက်ဖို့ ပို့ဆောင်ခဲ့တယ်လို့ RFA ရဲ့ သတင်းမှာ ဆိုထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြည်သူစစ်မှုထမ်းဥပဒေဟာ လူငယ်တွေတင် မကဘဲ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို ဒုက္ခပေးလျှက်ရှိပါတယ်။

စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကြေးတောင်းခံမှုတွေကို စစ်တပ်နဲ့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်နေကြပါတယ်။

စစ်ထဲဝင်ရမည့် လူငယ်များကို ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် အနည်းဆုံး ၂၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ ပေးဆောင်ခိုင်းနေတာပါ။

“စစ်မှုထမ်း ဒုတိယသုတ်အတွက် မြန်အောင်မြို့နယ် အင်ပင်မြို့မှာ အိမ်တိုင်း အိမ်တိုင်း တစ်အိမ်ကို ၂၀၀၀ ပေးရတယ်။ အိမ်တိုင်းပါပဲ။ ထိန်ချန်ထားတဲ့ သူတွေကိုလဲ အရေးယူမယ် ပြောတယ်။ ပြေးတဲ့ သူတွေကို ထောင် ၃ နှစ်ချမယ်။ ပြီးရင် ပြန်ပြီး စစ်မှုထမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်မှုတွေရှိတယ်” လို့ အသက် ၆၀ အရွယ်ရှိ မြန်အောင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်မှုထမ်းဥပဒေ အတည်ပြုခြင်းမပြုမီက အတင်းအကျပ် စစ်သားစုဆောင်းတာ၊ ကလေးစစ်သားစုဆောင်းတာ၊ လိမ်လည်ပြီး စစ်ထဲ သွင်းတာ၊ ပေါ်တာဆွဲတာ၊ လူမှုကွန်ရက်မှာ Page အတုထောင်ပြီး အလုပ်ခေါ်စာနဲ့ အလုပ်ရမယ်ပြောပြီးစုဆောင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒါတွေအပြင် စစ်ဘက်ဆိုင်ရာက ထောင်ကျအကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးပြီး စစ်မှုထမ်းဖို့ စုဆောင်းတာတွေ၊ ပြည်သူ့စစ်စုဆောင်းတာတွေ၊ ပျူစောထီးတပ်ဖွဲ့ဖွဲ့တာတွေ မျိုးစုံလုပ်ဆောင်ခဲ့ပေမယ့် ပြုန်းတီးလာတဲ့ စစ်တပ်အတွက် လိုအပ်တဲ့ တပ်သားကို ဖြည့်တင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

စစ်ခေါင်းဆောင်ဟာ ပြည်သူစစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပြီး စစ်မှုထမ်းရမယ့် အသက်နဲ့ အကျုံးဝင်နေတဲ့ လူငယ် ၁၃ သန်းကို စစ်ကျွန် အဖြစ်နဲ့ တပ်သစ်တည်ဖို့ ပုံဖော်နေပြီပဲ ဖြစ်ပါတယ်။

🟥အရန်တပ်ဖွဲ့ဥပဒေ

စစ်ခေါင်းဆောင်ဟာ လူငယ်တွေကို အလွတ်မပေးသလို့ စစ်မှုထမ်းဥပဒေ အတည်ပြုပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အရန်တပ်ဖွဲ့ ဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။

အဲ့ဒီအရန်တပ်ဖွဲ့ဥပဒေမှာ စစ်တပ်က အငြိမ်းစားယူသွားတဲ့ ပင်စင်စား စစ်မှုထမ်း ဟောင်းတွေကို ၆၇ နှစ်အထိ တာ၀န်ထမ်းဆောင်ခိုင်းဖို့ ညွှန်ကြားထားပါတယ်။

အသုံးမဝင်တဲ့ အတိုအပြတ်က လွဲလို့ အသက် ၅၅ နှစ်အောက်ဖြစ်ပါက လှုပ်ရှား စစ်ဆင်ရေး တာ၀န်၊ အသက် ၅၅ နှစ်နဲ့ ၆၇ နှစ်အထိ ဖြစ်ပါက တပ်ဌာနချုပ်များ၊ စစ်ဆင်ရေး၊ ခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေးတာ၀န်များကို ထမ်းဆောင်ခိုင်းမယ်လို ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းခြင်းကို လုံး၀ငြင်းဆိုခဲ့ပြီး လူငယ်တွေကို အဓမ္မ စစ်မှုထမ်းဆောင်ခိုင်းခြင်းအား ငြင်းဆန်ဖို့ တိုက်တွန်းခဲ့တဲ့ အဲလ်ဘတ်အိုင်းစတိုင်းက ယခုလို ဆိုထားပါတယ်။

“ဥပဒေကြောင်းအရ အတင်းအကျပ်စစ်မှုထမ်းခိုင်းတာကိုတော့ နှစ်ကိုယ်ကြားပဲ ဖြစ်ဖြစ်၊ လူရှေ့သူရှေ့ပဲဖြစ်ဖြစ်၊ စိတ်ဆိုးတယ်ဆိုတာကိုပြောဖို့ ဘယ်တော့မှ ကျွန်တော်လျှို့ ဝှက်ထားမှာ မဟုတ်ဘူး။ ဒီလိုရိုင်းစိုင်းတဲ့ကျွန်ပြုမှုမျိုးကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ အတွက် တာဝန်ရှိတယ်လို့ ကျွန်တော်ခံယူတယ်”

#လူငယ်၁၃သန်း #စစ်ကျွန် #စစ်ခေါင်းဆောင်မင်းအောင်လှိုင် #မောင်ကောင်း #ဆောင်းပါး #Ayeyarwaddy_Times