ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ရှိကျေးရွာအချို့၌ စစ်သင်တန်းမတက်ရောက်လို၍ တိမ်းရှောင်ရန်ကြိုးပမ်းသည့် လူငယ် ငါးဦးကို စစ်ကောင်စီတပ်မှ အင်အားသုံးကာ ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များများထံကသိရသည်။

ဟင်္သာတမြို့နယ်ရှိ ကျောင်းကွင်းကျေးရွာနှင့်ပိတောက်ကုန်းကျေးရွာတို့မှ စစ်သင်တန်းမတက်ရောက်လို၍ တိမ်းရှောင်ရန်ကြိုးပမ်းခဲ့သည့် အသက်၂၃နှစ်အရွယ်မှ အသက် ၂၈ နှစ်အရွယ်ကြားရှိလူငယ်ငါးဦးကို ယမန်နေ့မေလ၁၇ရက်ညက နေအိမ်များအတွင်းသို့ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်းမျက်မြင်တွေ့ရှိခဲ့ရသည့် ဒေသခံကျေးရွာသားများထံကသိရသည်။

“စစ်သင်တန်းမတက်ချင်ဘူးဆိုပြီးပြေးဖို့လုပ်တာသတင်းရတယ်ပေါ့။ အရွယ်တွေကျွန်မတူသားအရွယ်လောက်ပဲရှိတာ။ ပိတောက်ကုန်းမှာလည်းကောင်လေးတွေအဖမ်းခံရတယ်တဲ့။ အခုကမဲပေါက်မှမဟုတ်တော့ဘူး။ ပြေးဖို့သတင်းကြားတာနဲ့ အိမ်လာပြီးတော့ရိုက်နှက်ဖမ်းတာဖြစ်လာတယ်။ရွာကကောင်လေးတွေဆိုရင် မိဘအရှေ့မှာအရိုက်ခံရတာမသက်သာဘူး”ဟု မျက်မြင်တွေ့ရှိခဲ့သည့် ကျောင်းကွင်းကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ ယခင်ဆန္ဒပြပွဲအတွင်းပါဝင်ခဲ့မှုကြောင့် ရာဇသတ်ကြီးပုဒ်မ၅၀၅-က ဖြင့် တရားစွဲဆိုခံရ၍ ခံဝန်ဖြင့်လွတ်မြောက်လာသူများဖြစ်ကာ ၎င်းတိုကို ခလရ(၁၈)တပ်ရင်းသို့ပို့ဆောင်ထားပြီး မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားကြောင်း သိရသည်။

“ ဖမ်းခံရတဲ့အထဲမှာ အရင်ဆန္ဒပြလို့ ၅၀၅ နဲ့တရားအစွဲခံရတဲ့သူတွေလည်းပါလာတယ်။ အဲဒီထဲကအောင်ရဲထွဋ်ဆိုရင် ၅၀၅ -ကနဲ့အဖမ်းခံရပြီးတော့ခံဝန်ထိုးပြီးနေတာပေါ့။ သူ့ဆိုရင် အိမ်ကိုအင်အားအများကြီးနဲ့လာပြီးဖမ်းခေါ်သွားတယ်။ စစ်သင်တန်းမတက်ချင်လို့ရှောင်တာဆိုပြီးတော့ လာဖမ်းသွားတာ။တခြားအဖမ်းခံရတဲ့ကောင်လေးတွေည်းအတူတူပဲ။ လိုက်စုံစမ်းတော့ခလရ(၁၈)ထဲမှာလို့ကြားတာပဲ” ဟု ဖမ်းဆီးထိန်းသိမ်းခံရသူ တစ်ဦး၏ မိသားစုဝင်ဆိုသည်။

ဟင်္သာတမြို့နယ်တွင်ပြီးခဲ့သည့် မေလပထမအပတ်ကစ၍ ပြည်သူ့စစ်သင်တန်းအမှတ်စဉ်(၂)အတွက်ဟုအကြောင်းပြကာ မြို့တွင်းရပ်ကွက်နှင့်ကျေးရွာများအလိုက် ဒေသခံလူငယ် ၁၀၀ ကျော်ထက်မနည်းကို စစ်ကောင်စီတပ်မှ နေအိမ်သို့လိုက်လံစာရင်းကောက်ယူ၍ အတင်းအကျပ် ခေါ်ဆောင်မှုရှိနေကြောင်းဒေသခံများထံကသိရသည်။

#င်္ဟသာတ #စစ်သင်တန်း #မတက်လိုသည့်လူငယ် ၅ဦး #နေအိမ်သို့ဝင်ရောက်ဖမ်းဆီး #Ayeyarwaddy_Times