ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မေ ၂၃ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းကြား ဝင်ရောက်မည်ဟု နိုင်ငံတကာမိုးလေဝသဌာနများက ခန့်မှန်းထားကြောင်း သတင်းရရှိသည်။

လက်ရှိ မေ ၁၈ ရက်နေ့ထိ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်အစပျိုးခြင်း မရှိသေးသဖြင့် သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့် အချိန်၊ အသုံးပြုသည့် အချက်အလက်တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

လာမည့် မေ ၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းကာ မေ ၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုး တန်းတို့အကြားသို့ ဦးတည် ရွေ့လျားနိုင်သည်ကို တွေ့ရှိရကြောင်း အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data အရ ထုတ်ပြန်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၊ Global Forecasting Model (GFS) အရ မေ ၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး ပိုမို အားကောင်းလာနိုင်ကာ မေ ၂၆ ရက်နေ့ခန့်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်ကြောင်းထုတ်ပြန်ထားသည်။

ယင်းပြင် အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data အရ မေ ၂၂ ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်ကြောင်းခန့်မှန်းထုတ်ပြန်သည်။

မေ ၁၈ ရက်မှ ၂၀ ရက်များတွင် တနင်္သာရီနှင့် မွန်ဒေသများ၌ မိုး သုံးရက်ခန့်ဆက်တိုက်ရွာနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းသို့ မုတ်သုံလေဝင်ရောက်နိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နိုင်သော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုရရှိမည်ဖြစ်သည်။

ဓာတ်ပုံ-မိုးဇလ
#လေဖိအားနည်းရပ်ဝန်းဖြစ်နိုင် #အိန္ဒိယနိုင်ငံ#ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်း #တနင်္သာရီ #မွန်
#Ayeyarwaddy_Times