
အယိုက်လင်း/ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
အိန္ဒိယ ဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဥ်နှင့် နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွာလာခွင့် ဖျက်သိမ်းမည်အရေးကို မီဇိုရမ်ပြည်နယ် ဒေသခံပြည်သူများက ကန့်ကွက်ကြောင်း ယမန်နေ့ မေလ ၁၇ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
Zo Re Reunification Organization (ZORO) အဖွဲ့မှ ဦးဆောင်မှုဖြင့် အိန္ဒိယ ဗဟိုအစိုးရ၏ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဥ်နှင့် နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်(RMR) ဖျက်သိမ်းရန် စီစဉ်နေခြင်းကို ကန့်ကွက်ကြောင်း အိန္ဒိယ-မြန်မာ နယ်စပ် အမှတ်(၂) ကုန်သွယ်ရေးစခန်းရှိရာ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် ဇိုခေါသရ်တွင် ဒေသခံပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။
“မီဇိုရမ်ပြည်နယ် မြို့နယ် ခရိုင်အသီးသီးက ပြည်သူတွေ၊ NGO အဖွဲ့စည်း၊ CSO အဖွဲ့စည်း၊ မြန်မာစစ်ဘေးရှောင်တွေ၊ မြန်မာပြည်ဘက်က ပြည်သူတွေ စုပေါင်းပြီး လူဦးရေ တစ်ထောင်လောက်က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတာပါ။ အဓိကတော့ နယ်စပ်ခြံစည်းရိုးခတ်မယ့် အစီစဥ်နဲ့ free movement
regime(FMR)ဖျက်သိမ်မယ့်အရေးတို့ကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။” ဟု ဇိုခေါသရ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ကြသည့် အချက်များတွင် နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွာလာခွင့် (free movement regime-FMR) ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မှာကို မလိုလားဘူး၊ ကျွန်တော်တို့ ချင်း(ဇို) လူမျိုးတွေဟာ ညီအကိုတွေဖြစ်ကြတယ်၊ ပိုင်းခြားလို့မရဘူး”ဆိုသည့် စာတန်းများကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။
အိန္ဒိယ-မြန်မာ နယ်စပ်သည် ကိလိုမီတာ (၁၆၀၀) ကျော်၊ မိုင် (၁၀၀၀) နီးပါးထိစပ်နေပြီး မီဇိုရမ်ပြည်နယ်၊ နာဂလန်းပြည်နယ်၊ မဏိပူရ်ပြည်နယ်၊ အရန်နချယ် ပရာဒတ်ရှ်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အာမစ် အနီးလ် ချန်ဒရာရှား၏ အိန္ဒိယ- မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့် ပြောကြားချက်ကို အိန္ဒိယ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့်အရေးနှင် နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွာလာခွင့် (FMR) ဖျက်သိမ်းရေးကို မီဇိုရမ်ပြည်နယ်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Young Mizo Association အဖွဲ့စည်းနှင့် အခြားအဖွဲ့စည်းများလည်း ကန့်ကွက်ကြသည်။
နှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်(FMR)သည် အိန္ဒိယ-မြန်မာ နယ်စပ် (၁၆) ကီလိုမီတာ၊ (၁၀) မိုင် နီးပါး အကျယ်အဝန်းတွင်း နယ်စပ်နားနေထိုင်သူများသည် ပြည်ဝင်ခွင့်ဗီဇာမလိုအပ်ဘဲ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့်ရရှိခြင်းဖြစ်သည်။
#အိန္ဒိယ #မြန်မာ #နှစ်နိုင်ငံလွတ်လပ်စွာ #ဖြတ်သန်းသွားလာခွင့် #ဖျက်သိမ်းမည့်အရေးကို #မီဇိုရမ်ဒေသခံများ ဆန္ဒဖော်ထုတ် #Ayeyarwaddy_Times